Monday, June 3, 2019

ဈေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်ခြင်းမရှိသော လုပ်ငန်းရှင်များကို တိုင်ကြားနိုင်ပြီ


ဈေးကွက်အတွင်း ဥပဒေနှင့်အညီ တရားမျှတစွာ ယှဉ်ပြိုင်ခြင်း မရှိသော လုပ်ငန်းရှင်များကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ထံ တိုင်ကြားနိုင်ပြီ ဖြစ်ကြောင်းသိရသည်။ 
ယခုလ ၃ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သော မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 
"အဓိကတော့ ဈေးကွက်မှာ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ဖို့လိုပါတယ်။ အကယ်၍ ချိုးဖောက်လာမယ် ဆိုရင် တိုင်ကြားမှုရှိတယ်ဆို ကော်မရှင်ကနေ စစ်ဆေး ဆုံးဖြတ်ပေးရမှာပါ။ လွတ်လပ်စွာ ယှဉ်ပြိုင်တဲ့ နေရာမှာလဲ ဥပဒေ ၊ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်းများ သိရှိဖို့လိုပါတယ်။ ဒီလုပ်ထုံးလုပ်နည်းအတိုင်းပဲ လိုက်နာ ကျင့်သုံးဖို့လိုပါတယ်"ဟု ၎င်းကပြောသည်။ 
စီးပွားရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ယှဉ်ပြိုင်မှုကို ဦးစားပေးဆောင်ရွက်ရာ၌ လုပ်ငန်းရှင်များအနေနှင့် မိမိတို့လုပ်ငန်းများကို စနစ်တကျဖြစ်အောင် ဖွဲ့စည်းဆောင်ရွက်သလို လုပ်ငန်းဖြစ်သောကြောင့် တစ်ဦးနဲ့တစ်ဦး၊ ကုမ္ပဏီ တစ်ခုနှင့်တစ်ခုလည်း ယှဉ်ပြိုင်မှုရှိရန် လိုအပ်ပြီး ယင်းသို့ ယှဉ်ပြိုင်ရာတွင် လည်း ဈေးကွက်တွင် ဥပဒေနှင့်အညီ ယှဉ်ပြိုင်ရန်လို သည်ဟုဆိုသည်။ 
ဈေးကွက်အတွင်း၌ ယှဉ်ပြိုင်ရသလို တဖက်တွင်လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် ပြည်ပလုပ်ငန်းရှင်များနှင့်လည်း ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် တရားမျှတစွာ ဥပဒေနှင့်အညီ ယှဉ်ပြိုင်ရန် လိုမည်ဖြစ်သည်။ 
"ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်တဲ့ အဖွဲ့အစည်းအချင်းချင်းလဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မိမိတို့ကိုယ်တိုင် ဆောင်ရွက်တက်ဖို့ အပြိုင်အဆိုင် ကြိုးစားကြဖို့ လိုသလို စီးပွားရေးအရ အနိုင်ကျင့်ခံရတဲ့ အခြေနေကို ရောက်ရှိလာတဲ့အခါမှာ ဘယ်လိုတုံ့ပြန် ဆောင်ရွက်နိုင်သလဲဆိုတဲ့ နေရာမှာ အပြန်အလှန် ယှဉ်ပြိုင်ခြင်း ပူးပေါင်းဆောင်ရွက်ခြင်း သဘောရှိပေမယ့် တဖက်ကနေလဲ အပြန်အလှန် အနိုင်ကျင့်တာမျိုးလဲ မဖြစ်ဖို့ လိုအပ်ပါတယ် "ဟု ဝန်ကြီးကပြောသည်။ 
ယင်းကဲ့သို့ အနိုင်ကျင့်ခြင်းအားဖြင့် ဈေးကွက်တွင် ယှဉ်ပြိုင်မှု ပျက်ပြားပြီး မိမိတို့လုပ်ငန်းများလည်း ထိခိုက်နစ်နာသလို စားသုံးသူများလည်း နစ်နာမှု ရှိနိုင်သည့်အတွက် တရားမျှတစွာ ယှဉ်ပြိုင်ကြရန်နှင့်မည်ကဲ့သို့ပူးပေါင်းဆောင်ရွက်မည်ကို သိရှိရန် လိုအပ်မည်ဖြစ်သည်။ 
ယှဉ်ပြိုင်မှု ရှိခြင်းအားဖြင့် တိုင်းပြည်၏ စီးပွားရေး လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပြီး ပြည်သူများ ၊ စားသုံးသူများအတွက် အကျိုးရှိသလို လုပ်ငန်းရှင်များလည်း အကျိုးရှိသည်ဟုဆိုသည်။ 
" သတိပေးတာတို့၊ သက်မှတ်ထားတဲ့ ဒဏ်ကြေးငွေပေးဆောင်တာတို့၊ ယာယီပိတ်ခွင့်၊ အမြဲတမ်း ပိတ်သိမ်းခွင့်အတွက် ၀န်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်ပါ့မယ်။ ရက် (၆၀) အတွင်း ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့သူက အယူခံ ၀င်ရောက်လို့ ရပါတယ်"ဟု မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က ပြောသည်။ 
လက်ရှိ ဈေးကွက်အတွင်း ယှဉ်ပြိုင်သူများ ဈေးကွက်အတွင်းမှ ထွက်သွားစေရန် ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် ရောင်းချခြင်းနှင့် ၀န်ဆောင်မှုပေးခြင်း၊ ဈေးကွက်ပေါက်ဈေးနှင့် ကိုက်ညီမှုမရှိသော ဈေးနှုန်းများ သက်မှတ်ရောင်းချခြင်း၊ ကုန်စည်ထုတ်လုပ်ခြင်း ဖြန်ဖြူးခြင်းနှင့် ၀န်ဆောင်မှုပေးခြင်းတို့ကို ကန့်သတ်ထားခြင်း၊ မျှတမှုမရှိသော ယှဉ်ပြိုင်မှုဖြစ်ပေါ်စေရန် တစ်ပြေးညီ မဟုတ်သော စည်းမျဉ်းများ ချမှတ်ခြင်း၊ အရောင်းအ၀ယ်စာချုပ်များ ချုပ်ဆိုရာတွင် တရားမျှတမှု မရှိဘဲ လက်ခံရန် အတင်းအကျပ်ပြုခြင်းတို့ကိုမပြုလုပ်ရန် ယှဉ်ပြိုင်မှုဥပဒေအရ တားမြစ်ထားကြောင်း သိရသည်။ 
ထို့ပြင် ယှဉ်ပြိုင်သူ အသစ်များ ၀င်ရောက်လာခြင်းကို တရားသည့် နည်းလမ်းဖြင့် တားဆီးခြင်း၊ အထောက်အကူပစ္စည်း များကို အသုံးပြုခွင့် ငြင်းပယ်ခြင်း နှင့် ခွဲခြားမှုပြုခြင်း၊ စီးပွားရေးလုပ်ငန်း အချင်းချင်း စာချုပ်သက်တမ်း မကုန်မီ စာချုပ်ဖျက်ရန် ဆွဲဆောင်ခြင်းနှင့် မျှတမှုမရှိဘဲ ကုန်စည်တင်သွင်းပြီး ပေါက်ဈေးအောက် လျှော့ရောင်းခြင်းတို့ကိုလည်း မပြုလုပ်ရန် တားမြစ်ထားသည်။ 
ထို့ကြောင့် ဈေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်မှုမရှိပါက ပြစ်မှုထင်ရှားလျှင် ယှဉ်ပြိုင်မှုဥပဒေအရ ထောင်ဒဏ် (၃) လမှ (၃) နှစ်အထိဖြစ်စေ၊ ကျပ် (၁) သိန်းမှ ကျပ်သိန်း (၁၅၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည် ဖြစ်ကြောင်း သိရသည်။ 
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလမှစ၍ အတွေ့ကြုံရှိသော စီးပွားရေးလုပ်ငန်းရှင်များ၊ ဥပဒေပညာရှင်များဖြင့် အစိုးရပိုင်းက ၆ ဦး၊ ပုဂ္ဂလိကပိုင်းက ၅ ဦး စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
The Fifth Wave News 

0 comments:

Post a Comment