Wednesday, June 26, 2019

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ကင်းလှည့် မော်တော်ရေယာဉ်ပေးအပ်


စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်မှာ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ကင်းလှည့် ဆောင်ရွက်နိုင်ဖို့ မော်တော်ရေယာဉ် ၁ စီးကို သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) က ဇွန် ၂၆ ရက်မှာ ပေးအပ်လိုက်ပါတယ်။ 
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးတာဝန်ခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ကိုကျော်လှသိန်းက “ထီးချိုင့်-ကသာ-ရွှေကူကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာထူထောင်ပြီးသွားပြီဆိုတော့ မော်တော် တစီးနဲ့ ဧရာဝတီ လင်းပိုင်းထိန်းသိမ်းရေး လုပ်ငန်းတွေကို ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ မော်တော်မရှိခင်က လှေငယ်လေးပဲငှားပြီးတော့ လှုပ်ရှားရတဲ့ အနေအထားဆိုတော့ ကိုယ်လှုပ်ရှားချင်သလောက် လှုပ်ရှားလို့ မရဘူး။”လို့ ပြောပါတယ်။ 
ကင်းလှည့်ရေယာဉ် ရောက်လာတဲ့အတွက် ဧရာဝတီလင်းပိုင်းထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပညာပေးကင်းလှည့် လုပ်ငန်းတွေကို ငါးလုပ်ငန်းဦးစီးဌာန သားငှက်ထိန်းသိမ်းရေး အဖွဲ့တွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပိုပြီးတော့ လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ထားလို့ လည်း ဆိုပါတယ်။ 
၂၀၀၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ် မန္တလေးမှ ဗန်းမော်အကြားမှာ တနှစ်ကို တကြိမ် စစ်တမ်းကောက်ယူတွေ့ရှိချက်အရ ဧရာဝတီလင်းပိုင်တွေ ပျမ်းမျှ အကောင်ရေ ၇၀ ပတ်ဝန်းကျင် တွေ့ရှိရတယ်လို့ သိရပါတယ်။ 
၂၀၁၈ ခုနှစ်မှာ လင်းပိုင် ၇၆ ကောင်နဲ့အများဆုံး စံချိန်တင်တွေ့ရပြီး အရင်ကတော့ ၇၃ ကောင် ပတ်ဝန်းကျင်လောက်သာ တွေ့ရတယ်လို့သိရပါတယ်။ 
သေဆုံးသွားတဲ့ဧရာဝတီလင်းပိုင်းတွေနဲ့ ပြန်ပေါက်တဲ့အကောင်တွေနဲ့ အရေအတွက် ညီမျှနေပြီး သေတဲ့အကောင်အရေအတွက် လျော့ချနိုင်မယ်ဆိုရင် အကောင်အရေအတွက် သိသိသာသာတိုးလာဖို့ ရှိနေတယ်လို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံက ပြောပါတယ်။ 

သတင်း- ကိုကိုလင်း(အင်းတော်)
DVB

0 comments:

Post a Comment