Monday, June 3, 2019

ဒေါ်အောင်ဆန်းစုကြည်ကို ချက်နိုင်ငံဝန်ကြီးချုပ် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို


ချက်ဝန်ကြီးချုပ် အန်ဒရီးဘားဘီးစ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။ 
တွေ့ဆုံမှုတွင် မြန်မာ - ချက် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံ ရေး၊ စီးပွားရေးပူးပေါင်းဆောင် ရွက်ရေး၊ မြန်မာနိုင်ငံ၌ ချက်ဖွံ့ဖြိုး မှုစီမံကိန်းများနှင့် လူ့အခွင့်အရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း Radio Praha က ဖော်ပြသည်။ 

ယနေ့ (ဇွန်လ ၄ ရက်)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ချက်သမ္မတနှင့် နိုင်ငံခြား ရေးဝန်ကြီးတို့ကို သီးခြားစီတွေ့ ဆုံမည်ဖြစ်သည်။ အစောပိုင်း သတင်းထုတ်ပြန်ချက်များအရ ဒေါ်အောင်ဆန်းစုကြည်သည် ချက်လွှတ်တော်အမတ်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ 

ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်သည် ပရက်ဂ်မြို့၌ ကျင်းပမည့် စီးပွားရေးဖိုရမ်သို့ တက် ရောက် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ယင်းဖိုရမ်သို့ ချက်စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်မည်ဖြစ်သည်။ 

ယင်းနောက် ပရက်ဂ်မြို့ရှိ ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဒေါ်အောင်ဆန်းစုကြည် တက် ရောက် ဖွင့်လှစ်မည်ဖြစ် သည်။ ယခင်က သံတမန်အဆက် အသွယ်ရှိခဲ့သည့် ချက်နှင့် မြန်မာသည် ၁၉၉၂ နှင့် ၁၉၉၃ တို့တွင် သက်ဆိုင်ရာသံရုံးများကို ပိတ် သိမ်းခဲ့သော်လည်း ၂၀၁၄ တွင် ချက်နိုင်ငံက မြန်မာနိုင်ငံသို့ သံရုံး လာရောက်ဖွင့်လှစ်ခဲ့သည်။ 

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အလုပ် သဘောခရီးစဉ်အဖြစ် ဇွန်လ ၅ ရက်နှင့် ၆ ရက်တွင် ဟန်ဂေရီနိုင်ငံ သို့ သွားရောက်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းနှစ်နိုင်ငံစလုံးသို့ ၂၀၁၃ က အတိုက်အခံခေါင်းဆောင်အဖြစ် သွားရောက်ခဲ့သည်။

7Day


0 comments:

Post a Comment