Wednesday, June 26, 2019

အိမ်ဖော်အမျိုးသမီးရေချိုးနေခြင်းကို ဗီဒီယိုခိုးရိုက်သူအား စင်ကာပူတွင် ထောင်ဒဏ် ၃လ အပြစ်ပေး


ဇနီးဖြစ်သူ၏အိမ်ဖော်ရေချိုးနေသည်ကို ကာယကံရှင်မသိပဲ ဗီဒီယိုရိုက်ကူးသူ စင်ကာပူလူဝင်မှုကြီးကြပ်ရေးနှင့်နယ်စပ်ဝင်ပေါက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးအား စင်ကာပူတရားရုံးမှ ထောင်ဒဏ် ၃လ ယမန်နေ့က အပြစ်ပေးလိုက်ကြောင်းသိရသည်။ 
ထိုသူသည် သူတို့နှင့် အတူ တစ်အိမ်ထဲတွင်နေထိုင်သည့် အသက်(၃၆)နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသမီး အိမ်ဖော် ရေချိုးသည်ကို ချောင်းရန် ၂၀၁၆ခုနှစ်ကတည်းကပင်လျှင် စတင်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း တရားရေးဌာနကဆိုသည်။ 
သူသည် ရေချိုးခန်းနှင့် မီးဖိုခန်းအကြားရှိ ပလပ်စတစ်တံခါးကို ကပ်ကြေးနှစ်လက်ဖြင့် အပေါက် နှစ်ပေါက်ဖောက်ခဲ့သည်။ ထို့နောက် ရေချိုးခန်းတွင်းတွင် အစဉ်ရှိနေသော အ၀တ်လျှော်ဆပ်ပြာမှုန့်ထည့်သည့် သံဗူးတစ်ခုကိုပါ အပေါက်ဖောက်ပြီးနောက် ယင်းသံဗူးထဲတွင် သူ၏ iPhone 4s ကို ဗီဒီယိုရိုက်ကူးသည့်ခလုပ်ကြိုတင်နှိပ်၍ ထည့်ထားပြီးနောက် ရေချိုးခန်းထဲတွင် သံဗူးကို ကြိုတင်ထည့်ထားခြင်းဖြစ်သည်။ သံဗူးတွင် သူဖောက်ထားသည့် အပေါက်နေရာမှ ဖုန်းကင်မရာမှန်ဘီလူးကိုချိန်၍ ရိုက်ကူးခြင်းဖြစ်သည်။ 
ထိုနည်းဖြင့် အိမ်ဖော်အမျိုးသမီးရေချိုးနေခြင်းကို ၃ ကြိမ်မျှ ဗီဒီယိုရိုက်ကူးနိုင်ခဲ့ကြောင်းသိရသည်။ အိမ်ဖော်အမျိုးသမီးကဲ့သို့ပင်လျှင် သူ၏ခယ်မဖြစ်သူအပါအ၀င် အခြားအမျိုးသမီးအချို့ ရေချိုးနေခြင်းကိုလည်း ထိုနည်းဖြင့် ဗီဒီယိုရိုက်ကူးခဲ့သေးသည်ဆို၏။ ထိုသို့ ဗီဒီယိုရိုက်သည့်အပြင် သူဖောက်ထားသောအပေါက်များမှလည်း ချောင်းကြည့်သေးကြောင်း တရားခံက ၀န်ခံထွက်ဆိုသည်။ 
အိမ်ဖော်အမျိုးသမီးက ထိုသို့ဗီဒီယိုရိုက်သည်ကို သိသွားသဖြင့် ပြောဆိုရာတွင် ထိုသူက အမျိုးသမီးအား အခန်းပြင်ပတွင်ပါ အနှောင့်အယှက်ပေးပြန်သဖြင့် ရဲသို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 
ဗီဒီယိုခိုးရိုက်ကူးသည့် အသက်(၃၀)အရွယ် အမျိုးသား၏ အမည်ကိုမူ တရားရုံးမှ ထုတ်ဖော်ပြောကြားခြင်းမရှိချေ။ 
Source - Jail for man who filmed wife's maid showering, cut holes in toilet door 
Photo: Jeremy Long
Popular News Journal 

0 comments:

Post a Comment