Monday, June 3, 2019

မသမာသည့် အေဂျင်စီအချို့ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ နစ်နာဆုံးရှုံးနေကြရ


လက်နက်ကိုင်ပဋိပက္ခများ နှစ်ရှည်ကြာအောင် ဖြစ်ပွားခဲ့လို့၊ ဒေသတည်ငြိမ်မှု မရှိလို့ ၊အလုပ်အကိုင်အခွင့်အလှမ်းနည်းပါးလို့၊ဒေသတွင်း စီးပွားရေး ဖွံဖြိုးမှု အားနည်းလို့ စတာတွေကြောင့် ပြည်ပထွက် အလုပ်လုပ်သူတွေ တစ်စထက် တစ်စ များပြားလာခဲ့တာကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်နေတဲ့ မသမာတဲ့ အေဂျင်စီအချို့ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ နစ်နာ ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဦးကျော်ထွေးက လွှတ်တော်မှာ ပြောပါတယ်။ 
နစ်နာဆုံးရှုံးမှုတွေက အလုပ်လဲ မရ၊ ငွေလည်းဆုံး စတာတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။ 
အေဂျင်စီတွေက အလုပ်သမားဆီကနေ ပိုက်ဆံ မယူရဘူးလွှို တားမြစ်ထားပေမယ့် နည်းမျိုးစုံနဲ့ ပိုက်ဆံတွေ ယူနေတဲ့အကြောင်း၊ တရားမ၀င် အေဂျင်စီတွေကို ဖော်ထုတ်ပြီး လူထုသိအောင် လုပ်ပေးမှ၊ စည်းကမ်းမလိုက်နာတဲ့ အေဂျင်စီတွေကိုလည်း ဖော်ထုတ်ကြေညာပေးဖို့ ဦးကျော်ထွေးက တောင်းဆိုခဲ့ပါတယ်။ 
နိုင်ငံမှာ အလုပ်သမားပို့တဲ့ အေဂျင်စီအရေအတွက်ဟာ ၂၀၀ ကျော်ရှိပြီး၊ အေဂျင်စီတွေ အနေနဲ့ အလုပ်ရှင်ထံကနေ လုပ်သားရမယ့် ၁ လထက်မပိုတဲ့ လစာကို ၀န်ဆောင်ခအနေနဲ့ ရယူခွင့်ရှိတယ်လို့ သိရပါတယ်။ 
ငွေပိုတောင်းလို့ တိုင်ကြားမှုက မရှိသလောက် နည်းတယ်လို့ ၀န်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ 
ဒါပေမယ့် အလုပ်အကိုင်ဆိုင်ရာဥပဒေနဲ့ ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့ အေဂျင်စီတွေကို ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းတာတွေ၊ ကုမ္ပဏီလိုင်စင် ယာယီပိတ်သိမ်းတာတွေ၊ ကုမ္ပဏီလိုင်စင် ရာသက်ပန် ပိတ်သိမ်းတာတွေနဲ့ တရားစွဲဆိုတာတွေ လုပ်တဲ့အကြောင်း ၀န်ကြီးက ပြောပါတယ်။ 
အရေးယူ ဆောင်ရွက်မှု အခြေအနေနဲ့ ပတ်သတ်လို့ လိုင်စင်ယာယီပိတ်သိမ်း (၂၂)ခု၊ ရာသက်ပန်ပိတ်သိမ်း (၁၂) ခု၊ မန်နေဂျင်းဒါရိုက်တာနဲ့ ဒါရိုက်တာတွေကို အရေးယူခံထားရတဲ့ အေဂျင်စီ က (၆) ခုရှိတယ်လို့ ၀န်ကြီးက ဆက်ပြောပါတယ်။ 
လုပ်သားတွေအနေနဲ့ သတင်းပေးတိုင်ကြားနိုင်ဖို့နဲ့ အခက်အခဲတွေ ဖြေရှင်းပေးဖို့ ကိုရီးယားသမ္မတနိုင်ငံမှာ (၁)ဦး၊ ထိုင်းနိုင်ငံမှာ (၅)ဦး၊ မလေးရှားနိုင်ငံမှာ (၂)ဦး စုစုပေါင်း အလုပ်သမားသံအရာရှိ (၈) ဦးကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများမှာ တွဲဖက်ခန့်ထား တာဝန်ပေးအပ်ထားတယ်လို့ လည်း ၀န်ကြီးက လွှတ်တော်ကို ပြောပါတယ်။ 
ဇွဲခန့် 
Isee Media 

0 comments:

Post a Comment