Monday, June 3, 2019

တိုင်းရင်းသားလက်နက်ကိုင် စုဖွဲ့မှုအသစ် ပြုလုပ်ရန် သင့်၊ မသင့် အပစ်ရပ် ၁၀ ဖွဲ့ တွေ့ဆုံညှိနှိုင်းမည်


တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် NCA မထိုး ရသေးသည့် အဖွဲ့များပါဝင်နိုင် မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အ တိုင်ပင်ခံအစည်းအဝေး (PPCM) ဖွဲ့ စည်းရန် သင့်၊မသင့် လာမည့် ရက်ပိုင်းအတွင်း ဆွေးနွေးညှိနှိုင်း မည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အချို့က ပြောသည်။ 
NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ကိုယ်စားလှယ်များသည် ဇွန်လ ၅ ရက်နှင့် ၆ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံ၍ ကရင်အ မျိုးသားအစည်းအရုံး(KNU)က အဆိုပြုထားသည့် PPCMဖွဲ့စည်း ရန် သင့်၊မသင့် ညှိနှိုင်းဆွေးနွေး ခြင်းနှင့် ရပ်တန့်နေသည့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များပြန်လည် စတင်နိုင်ရေး အစိုးရနှင့် ဆွေးနွေး ရန် အချက်အလက်များညှိနှိုင်းရန် ရှိကြောင်း ၎င်းတို့ကဆိုသည်။ 
‘‘အဖွဲ့အစည်းတွေက ကိုယ် စားလှယ်တစ်ဦးစီ ၁၀ဖွဲ့ပေါ့နော်။ PPCM ရဲ့ စုဖွဲ့မှုတင်ပြချက်ကို လေ့လာဖို့၊ သုံးသပ်ဖို့အတွက် သူ တို့ဆွေးနွေးမယ်’’ဟု KNUဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြော ကြားသည်။ 
ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) အကြံပေး ဦးခွန်းဆေက ‘‘PPST ကို ဆက်ထားပြီးတော့မှ PPCM ဖြစ်အောင် တိုးချဲ့သွားမလား၊ နောက်တစ်ခုက PPST ကို ဖျက် လိုက်ပြီးတော့မှ PPCM ကို ဖွဲ့ မလားဆိုတာဖြစ်တယ်။ ဒီမေးခွန်း နှစ်ရပ်ကို လာမယ့်တစ်ပတ်အ တွင်းမှာ ညှိနှိုင်းကြမှာဖြစ်တယ်’’ ဟု ပြောကြားသည်။ 
NCA လက်မှတ်ထိုး ခေါင်း ဆောင်များဖြင့်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့(PPST) ဖျက်သိမ်း ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အ တိုင်ပင်ခံအစည်းအဝေး (PPCM) ဖွဲ့စည်းရန် KNU က မေလက ကျင်းပသည့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့ထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် အဆိုပြုခဲ့သည်။ 
ယင်းအဆိုပြုမှုအပေါ်PPST စုဖွဲ့မှုကို ဆက်လက်ထားရှိရန်နှင့် PPCM ဖွဲ့စည်းပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခက်ကြုံနိုင် ကြောင်း သုံးသပ်ပြောကြားသ ဘောထားသည့် တိုင်းရင်းသားအ ဖွဲ့ကိုယ်စားလှယ်အချို့ရှိသော် လည်း KNU အထွေထွေအတွင်း ရေးမှူး ပဒိုစောတာဒိုမူးကမူ PPCM ဖွဲ့စည်းခြင်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာမည်ဖြစ် ကြောင်း၊ ကွာဟမှုဖြစ်ပေါ်နေ သည့် NCA လက်မှတ်ထိုးအဖွဲ့နှင့် မထိုးရသေးသည့်အဖွဲ့များအ ကြား ညီညွတ်မှုကိုဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း ပြောကြား ထားသည်။ 
လက်ရှိ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အခြေအနေအရ PPST ဆက်လက်ထားရှိရေးနှင့် PPCM ဖွဲ့စည်းရေး နှစ်ခုစလုံးလိုအပ် သည်ဟု KNU ဒုဥက္ကဋ္ဌပဒို​စောကွယ်​ထူးဝင်းက ပြောသည်။ 
‘‘PPCM ဆိုတာကလည်း စုဖွဲ့မှုလုပ်မယ်ဆိုတာက အတိအ ကျမရှိတဲ့ အဆိုပြုမှုပဲရှိနေတာကိုး ဒါကို လေ့လာရမှာပေါ့’’ ဟု ၎င်း က ပြောသည်။ 
PPCM ဖွဲ့စည်းရေးနှင့်ပတ် သက်ပြီး KNU အဖွဲ့တွင်းသဘော ထားကွဲလွဲမှု ရှိ၊မရှိနှင့်ပတ်သက် ပြီး မေးမြန်းရာ ပဒိုစောကွယ်ထူး ၀င်းက ‘‘ကွဲပြားမှုဆိုတာ သုံးသပ် မှုအပေါ်မှာပဲ မူတည်တာပေါ့။ သူ့ အားသာချက်၊ အားနည်းချက် လည်း ရှိမှာပေါ့။ ဘယ်လိုအားသာ ချက်ရှိမလဲဆိုတာ ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေးရမှာပေါ့။ အခု လောလောဆယ်က KNU က ဒီ အဆိုပြုမှု အပေါ်မှာပဲလေ’’ ဟု ပြောကြားသည်။ 
PPST ဖျက်သိမ်းခြင်းပြု မပြု၊ PPCM ဖွဲ့စည်းခြင်းပြု၊မပြု လာမည့်အပစ်ရပ်အဖွဲ့ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး တွင် ဆုံးဖြတ်မည်ဖြစ်သည်။ အ ပစ်ရပ်ထိပ်သီးခေါင်းဆောင်များ ညီလာခံဒုတိယပိုင်းအဖြစ် ယခု ဇွန်လအတွင်း ကျင်းပဖွယ်ရှိ သည်။


7Day

0 comments:

Post a Comment