Tuesday, June 25, 2019

ရုရှားလေတပ် လေယာဉ်တစီး ဗင်နီဇွဲလားလေဆိပ်ကို ဆင်းသက်ခဲ့


ဗင်နီဇွဲလားနိုင်ငံ အဓိကလေဆိပ်ကို ဇွန်လ ၂၄ ရက်နေ့က ရုရှားလေတပ် လေယာဉ်တစီး ဆင်းသက်ခဲ့တယ်လို့ ရိုက်တာ မျက်မြင်တဦးနဲ့ အဲဒီလေယာဉ် သွားလာမှုကို ခြေရာခံနေတဲ့ ဝက်ဆိုက်ဘ် အဆိုအရ သိရပါတယ်။ 
အမေရိကန်နဲ့ ရုရှားအစိုးရတို့အကြား စကားစစ်ထိုးပွဲဖြစ်တဲ့ လွန်ခဲ့တဲ့ ၃ လတုန်းကလည်း အခုလိုမျိုး ရုရှားစစ်လေယာဉ် ရောက်ရှိလာခဲ့ပါတယ်။ 
ပြီးခဲ့တဲ့ မတ်လကလည်း ရုရှားကာကွယ်ရေး အရာရှိတွေနဲ့ တပ်ဖွဲ့ဝင် ၁၀၀ ခန့် လိုက်ပါလာတဲ့ စစ်လေယာဉ်နှစ်စီး ဗင်နီဇွဲလားမှာ ဆင်းသက်ခဲ့ပါတယ်။ 
ဒီအတွက် ရုရှားဟာ ဗင်နီဇွဲလားနိုင်ငံ အခြေအနေကို အဆင်ခြင်မဲ့ ပိုမိုဆိုးရွားအောင် လုပ်နေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲခဲ့ပါတယ်။ 
လေယာဉ်နံပါတ် RA-86496 နဲ့ အီလူရှင် ၆၂ ဂျက်လေယာဉ်ဟာ မိုင်ကယ်သီယာ လေဆိပ်မှာ ဆိုက်ကပ်ထားတာကို မြင်တွေ့ရတယ်လို့ ရိုက်တာမျက်မြင်တဦးက ဆိုပါတယ်။ 
အဲဒီ လေယာဉ်နံပါတ်ဟာ ရုရှားစစ်လေယာဉ်အဖြစ် မှတ်ပုံတင်ထားပြီး မတ်လတုန်းက လာရောက်တဲ့ လေယာဉ်နံပါတ်နဲ့ တူညီတယ်လို့ Flightradar 24 ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ 
ဗင်နီဇွဲလားမှာရှိတဲ့ ရုရှားတပ်ဖွဲ့ဝင်အားလုံး ရုပ်သိမ်းဖို့ ပြီးခဲ့တဲ့ မတ်လတုန်းက အမေရိကန် သမ္မတက ညွှန်ကြားခဲ့ပါတယ်။ 
ဒါပေမယ့် ရုရှား နိုင်ငံခြားရေးဌာနကတော့ အဲဒီလေယာဉ်တွေဟာ လက်နက်အရောင်းအဝယ်စာချုပ်တွေ လုပ်ကိုင်တဲ့ ကျွမ်းကျင်သူတွေကိုပဲ တင်ဆောင်လာတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 
အခုလို ဗင်နီဇွဲလားလေဆိပ်မှာ ရုရှားစစ်လေယာဉ် ဆင်းသက်တာနဲ့ ပတ်သက်လို့ ဗင်နီဇွဲလား ပြန်ကြားရေးဌာနနဲ့ ရုရှား ကာကွယ်ရေးဌာနတို့က ချက်ချင်း မဖြေကြားခဲ့ပါဘူး။

DVB

0 comments:

Post a Comment