Tuesday, April 17, 2018

5G စနစ် ဖြန့်ကြက်ရေး ပြိုင်ဆိုင်မှုတွင် တရုတ်က အမေရိကန်၊ တောင်ကိုရီးယားတို့ ထက်သာလွန်နေဟု လေ့လာချက်တစ်ခုတွင် ဖော်ပြ


ပဥ္မမြောက်မျိုးဆက် ကြိုးမဲ့ကွန်ယက်စနစ် သို့မဟုတ် 5G ဖွံ့ဖြိုးရေးပြိုင်ဆိုင်မှုတွင် တရုတ်သည် တောင်ကိုရီးယား၊ အမေရိကန်တို့ထက် အနည်းငယ်သာလွန်နေသည်ဟု ဧပြီ ၁၆ ရက်တွင် အမေရိကန် လေ့လာချက်တစ်ခုက ဖော်ပြခဲ့သည်။

မောင်းသူမဲ့ကားများ၊ အဝေးရောက် ဆေးကုသမှုများနှင့် အခြာနည်းပညာများအတွက် လိုအပ်နေသော မြန်နှုန်းမြင့် ကြိုးမဲ့ဆက်သွယ်ရေးစနစ်ကို ဖြန့်ကြက်ရန် ကြိုးပမ်းမှုတွင် အမေရိကန်သည် နောက်ကျကျန်နေခဲ့သည်ဟု အမေရိကန် အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီများ အစည်းအရုံး CTIA က ထုတ်ပြန်ခဲ့သော လေ့လာချက်တစ်ရပ်က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကြီးများ အားလုံးသည် 5G စနစ် ဖြန့်ကြက်မည့်ရက်စွဲများကို ထုတ်ပြန်ထားကြပြီး၊ အစိုးရကလည်း ဆက်သွယ်ရေးလုပ်ငန်းကြီးများအတွက် လှိုင်းနှုန်းကိုပင် ခွဲဝေ သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း Analysys Mason သုတေသနလုပ်ငန်းက ပြုစုခဲ့သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

5G ဖြန့်ကြက်ရေး ပြင်ဆင်ရာတွင် အမေရိကန်သည် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်တို့နှင့်အတူ ပထမတန်းစားနိုင်ငံအဆင့်တွင် ပါဝင်နေကြောင်း ၁၀ နိုင်ငံလေ့လာချက်က ဆိုသည်။ ဒုတိယတန်းစားနိုင်ငံများတွင် အရေးပါသော ဥရောပဈေးကွက်များ ဖြစ်သည့် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်တို့ ပါဝင်နေပြီး တတိယအဆင့်နိုင်ငံများတွင် စင်ကာပူ၊ ရုရှားနှင့် ကနေဒါတို့ ပါဝင်နေကြသည်။

5G ဖြန့်ကြက်မှုသည် ခေါင်းဆောင်များအတွက် အရေးပါသော စီးပွားရေး အကျိုးအမြတ်များကို ရရှိစေမည်ဖြစ်ပြီး ဖြန့်ကြက်မှုနှောင့်နှေးခြင်းသည် ဆိုးရွားသော အကျိုးဆက်များ ရှိနိုင်သည်ဟု ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်က တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခဲ့ကြသည်။

‘တစ်ကမ္ဘာလုံး 5G ပြိုင်ပွဲမှာ အမေရိကန်ဟာ ဒုတိယအခွင့်အရေးရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကမ္ဘာ့ထိပ်တန်းစီးပွားဖြစ် ရင်းနှီးမြှပ်နှံမှုကြောင့် အမေရိကန်ဟာ 5G ရဲ့ ထူးခြားတဲ့ စီးပွားရေး အကျိုးအမြတ်တွေကို ရရှိခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်’ ဟု CTIA အမှုဆောင်ချုပ်နှင့် ဥက္ကဌ မရာဒစ်အတ်ဝဲလ်ဘေကာက ပြောကြားခဲ့သည်။

Ref: AFP
Eleven Media Group

0 comments:

Post a Comment