Monday, April 9, 2018

တရုတ်စီးပွားရေး အသွင်ကူးပြောင်းမှု AI နည်းပညာပေါ် မှီခိုနေ


တရုတ်နိုင်ငံရဲ့ စီးပွားရေး အသွင်ကူးပြောင်းမှုဟာ ဆန်းသစ်တီထွင်မှုနဲ့ မှတ်ဉာဏ်တုလို့ခေါ်တဲ့ AI နည်းပညာအပေါ်မှာ မှီခိုနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ လက်ထောက် ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ကျူးမင်က ပြောကြားလိုက်ပါတယ်။

ဆန်းသစ်တီထွင်မှုဟာ ကမ္ဘာကြီးကို အခြေခံကျကျ ပြောင်းလဲနိုင်သလို ကမ္ဘာကြီးအတွက် ပိုသိသာလာနေတယ်၊ အထူးသဖြင့် တရုတ်နိုင်ငံ တိုးတက်မှုအတွက် ပိုပြီး သိသာလာနေတယ်လို့ IMF အရာရှိဟောင်းလည်းဖြစ်၊ ချင်းဟွာတက္ကသိုလ်၊ အမျိုးသားဘဏ္ဍာရေး သုတေသနကျောင်း ဌာနမှူးလည်းဖြစ်တဲ့ ကျူးမင်က ပြောပါတယ်။

နှစ်စဉ်ကျင်းပနေကျ ဘိုအာဖိုရမ် (Boao Forum for Asia – BFA) ရဲ့ ဆက်စပ်အစည်းအဝေးအပြီး စီစီတီဗွီ သတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ ခုလို ပြောလိုက်တာပါ။

“တရုတ်ရဲ့ သမားရိုးကျ စီးပွားရေးတိုးတက်မှုပုံစံက ကြာကြာမခံဘူးဆိုတာ ကျနော်တို့အားလုံး အသိပါပဲ။ အဲဒါက ရင်းနှီးမြှုပ်နှံမှု၊ သဘာဝသယံဇာတတွေ ထုတ်ယူတာနဲ့ လုပ်အားခသက်သာတာကို မှီခိုနေရတာပါ။ ဒီတော့ အမြတ်အစွန်းကို ဘယ်လိုတိုးကြမလဲ။ လုပ်သားထုတ်လုပ်မှု တိုးလာမှုအပေါ် မှီခိုမှပဲဖြစ်ပါမယ်။ ဒီလိုဆို အနာဂတ်တိုးတက်မှုက နှုန်းတခုအပေါ် မတည်တော့ဘဲ လုပ်သားထုတ်လုပ်မှုမြှင့်ပြီး အမြတ်အစွန်း တိုးအောင်လုပ်လို့ ရပါပြီ။ ဒီလိုဆိုရင် အလယ်အလတ်နှုန်းနဲ့ စီးပွားရေးတိုးလာတဲ့အခါ ကျနော်တို့ စီးပွားရေး ပုံပြဇယားဟာ ကြီးသထက် ကြီးလာပါမယ်။ ဒါတွေအားလုံးဟာ ဆန်းသစ်တီထွင်မှုအပေါ် မှီခိုနေပါတယ်” လို့ ကျူးမင်က ပြောပါတယ်။

မှတ်ဉာဏ်တုနည်းပညာဟာ အလားအလာ အကြီးအကျယ်ရှိတယ်လို့ ရှုမြင်တဲ့အတွက် နယ်ပယ်အသီးသီးမှာ အသုံးချခဲ့တယ်။ ရေစီးကြောင်းမှာ စီးမျောလိုက်ပါဖို့ တရုတ်အတွက် အချိန်ကောင်းပဲလို့ ကျူးက ပြောပါတယ်။

“အခုလောလောဆယ် ဒါကပဲ ကျနော်တို့ရဲ့ အကြီးမားဆုံး စီးပွားရေး ရည်မှန်းချက်ပါ။ ရှေ့ရောက်အောင် ဒီအခွင့်အလမ်းကို သုံးရပါမယ်။ ပြီးခဲ့တဲ့ ၅ နှစ်မှာ တရုတ်နည်းပညာ နယ်ပယ်မှာ ပုံစံမြန်မြန်ပြောင်းတာကို မြင်ခဲ့ပါတယ်။ ဒါက ထုတ်လုပ်မှုကဏ္ဍမှာ ကုန်အမှတ်တံဆိပ်တွေ၊ ထုတ်လုပ်မှုပိုင်း၊ သုတေသနပိုင်းနဲ့ လူအားအစား စက်အားသုံးတဲ့ အပိုင်းတွေမှာ ပိုတိုးတက်လာစေမယ်” လို့လည်း သူက ပြောပါတယ်။

သိပ္ပံနဲ့ နည်းပညာ၊ ဆန်းသစ်တီထွင်မှုတွေကနေ လုပ်သားထုတ်လုပ်နှုန်း တိုးမြှင့်တာဟာ တရုတ်တိုးတက်ရေးအတွက် အဓိကကျကြောင်းကိုလည်း သူက ပြောကြားသွားပါတယ်။

DVB

0 comments:

Post a Comment