Thursday, April 19, 2018

ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအချို့အား ARSA အဖွဲ့က နည်းမျိုးစုံဖြင့် နေ့စဉ်ခြိမ်းခြောက်မှုများ ပြုလုပ်လာကြောင်း သိရ


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအချို့အား ARSA အဖွဲ့က နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများ နေ့စဉ်ပြုလုပ်လာကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စု၊ သပြေတော၊ အင်းဖောက်ကျေးရွာတို့တွင် နေထိုင်နေသည့် ဒေသခံ တိုင်းရင်းသားများကို ဧပြီ ၁၅ ရက်က ARSA အကြမ်းဖက်အဖွဲ့က တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ခြိမ်းခြောက်ခြင်း၊ ရွာအနီး တံတားပေါ်တွင် ခြိမ်းခြောက်စာကပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ခြိမ်းခြောက်ခံရသူများတွင် တိုင်းရင်းသားငါးဦးနှင့် ဘင်္ဂါလီနှစ်ဦး ပါဝင်ကြောင်း သိရသည်။

ထိုသို့ ခြိမ်းခြောက်မှုများကို သပြေတောကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာတွင် နေထိုင်သူများထံ ဖုန်းခေါ်ဆို၍ ခြိမ်းခြောက်ခြင်း၊ မက်ဆေ့ပို့၍ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ဘူးသီးတောင်၊ မောင်တောဒေသမှာ တိုင်းရင်းသားတွေက လူနည်းစုတွေသာဖြစ်တယ်။ အခုတော့ ARSA အဖွဲ့က ကျေးရွာအချို့ကို နည်းအမျိုးမျိုးနဲ့ နေ့စဉ် ခြိမ်းခြောက်မှုတွေ ရှိလာတယ်။ ဖုန်းဆက်ပြီး ခြိမ်းခြောက်တယ်၊ မက်ဆေ့ပို့ပြီး ခြိမ်းခြောက်တယ်။ ရွာနဲ့မလှမ်းမကမ်းမှာ စာတွေလာကပ်ထားတယ်။ အဲဒီအပေါ် လက်နက်ကိုင်အဖွဲ့တွေကလည်း လုံခြုံရေး မပေးနိုင်ဘူး။ ဒါဟာ တရားဥပဒေစိုးမိုးမှုမရှိတာကို ဖော်ပြနေပါတယ်။ ဘင်္ဂါလီတွေကို ပြန်ခေါ်ဖို့ အရေးကိုသာ အဓိကပြောဆို နေကြတာတွေကို တွေ့နေရတယ်။ မနေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတချို့နဲ့ သပြောတောရွာနဲ့ အင်းဖောက်ရွာကို ရောက်ခဲ့တယ်။ ရွာသားတွေက စိုးရိမ်ကြောက်ရွံ့နေခဲ့တာကို တွေ့ရတယ်။ အခုလိုမျိုး တိုင်းရင်းသားတွေကို ပြန်လည်ခြိမ်းခြောက်လာတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်။ အရင်ကဆို ဘင်္ဂါလီတွေကို ခြိမ်းခြောက်ပြီး သတ်ဖြတ်ခဲ့တာတွေ ရှိနေတော့ အခုလို ခြိမ်းခြောက်တဲ့ကိစ္စအပေါ်မှာ အရေးမယူနိုင်သေးဘူးဆိုတာဟာ အံ့သြစရာကောင်းပါတယ်။ လုံခြုံရေးတပ်ရင်းနဲ့ တစ်မိုင်ကျောက်လောက်သာဝေးတဲ့ရွာတွေကို အခုလိုမျိုး ခြိမ်းခြောက်တာဟာ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်တဲ့သဘောလည်း ဖြစ်တယ်” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကပင် “ခြိမ်းခြောက်တာက အဲဒီရွာက ဦးသန်းဝင်းဆီကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တယ်။ ဖုန်းမက်ဆေ့တွေပို့တယ်။ စာကပ်တယ်။ အဲဒီလို ခြိမ်းခြောက်တာတွေ ဖြစ်နေတာပါ။ အဲဒီရွာနားတောင်ကြောမှာ ရှိတယ်လို့တော့ ရွာသားတွေ ပြောကြတယ်။ ခြိမ်းခြောက်တာကတော့ မင်းတို့ဒီမှာမနေနဲ့။ မင်းတို့ကို သတ်ဖို့ရှိတယ်။ အဲဒီလို ရခိုင်ရွာတွေကို ခြိမ်းခြောက်တာ အရင်တုန်းကလည်း ရှိတယ်။ အဲဒီအနားမှာ တိုင်းရင်းသားရွာက နှစ်ရွာပဲရှိတယ်။ အားလုံးက ဘင်္ဂါလီရွာကြီးတွေပဲ။ ခြိမ်းခြောက်ခံစာထဲမှာပါတာက စုစုပေါင်း ခုနစ်ယောက်ဖြစ်ပြီး ဘင်္ဂါလီနှစ်ဦးလည်း ပါတယ်လို့ သူတို့ပြောတယ်။ အရင်တုန်းကတော့ ဘင်္ဂါလီတွေကိုပဲ ခြိမ်းခြောက်တာရှိတယ်။ အခုတော့ တိုင်းရင်းသားတွေပါ ပါလာတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ခြိမ်းခြောက်ခံရသူများတွင် သပြေတောင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွေးပါ တိုင်းရင်းသားသုံးဦး၊ အင်းဖောက်ကျေးရွာမှ တိုင်းရင်းသားတစ်ဦး၊ ထင်ရှားပြင် (ဘင်္ဂါလီ )ကျေးရွာမှ ကျေးရွာ ဒုတာဝန်ခံ၊ ရာအိမ်မှူးတို့ပါဝင်ကြောင်းနှင့် လက်ရှိတွင် သက်ဆိုင်ရာက ခြိမ်းခြောက်သူများကို ဖော်ထုတ်အရေးယူ ဆောင်ရွက်မှုမရှိသေးကြောင်းနှင့် မိသားစုဝင်များ၊ ဒေသခံများမှာ အထူးစိုးရိမ်နေကြကြောင်း ဦးအောင်သောင်းရွှေက ပြောကြားသည်။

“ကျွန်တော် မနေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိတဲ့သူတွေကို ခေါ်ပြီးတော့ ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ရှည်အုပ်စု၊ အင်းဖောက် တိုင်းရင်းသားကျေးရွာကို သွားပြီးတော့ ဒေသခံပြည်သူတွေ ရွာသားတွေနဲ့ တွေ့ခဲ့ပါတယ်။ ရွာသားတွေက သူတို့ကို ဖုန်းနဲ့ ARSA အဖွဲ့ကနေ ခြိမ်းခြောက်တာရှိတယ်။ ဖုန်းမက်ဆေ့ပို့တာ ရှိတယ်။ နောက်ပြီးတော့ ရွာနားက တံတားပေါ်မှာ စာကပ်တာရှိတယ်။ ဒါကြောင့် သူတို့ အလွန်တစ်ရာ စိုးရိမ်နေရတယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်။ အဲဒီဟာတွေကို ကျွန်တော်တို့က မေးမြန်းစုံစမ်းပြီးတော့ ဘာလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးဖြစ်ပါတယ်။ အဓိကကတော့ အဲဒီလိုဖြစ်တာဟာ ဒေသရဲ့ တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့ သဘောကို ဖော်ပြနေတဲ့သဘောဖြစ်တယ်။ အဲဒီကနေ တစ်မိုင်ခွဲလောက်ဝေးတဲ့ နယ်ခြားစောင့် ရဲစခန်းမှာ ၀င်ပြီးတော့ တာဝန်ရှိသူတွေကိုပြောတယ်။ နယ်ခြားစောင့်ရဲစခန်းနဲ့ နီးတဲ့နေရာမှာ အခုလိုဖြစ်နေတာဟာ တိုင်းရင်းသားတွေကို လုံခြုံမှုမပေးနိုင်သလို ဖြစ်နေတယ်။ အခုဖြစ်တာနဲ့ ချက်ချင်းအရေးယူပေးရမယ့် တာဝန်ရှိတယ်။ အခုက အခုထိ ဘာမှဆောင်ရွက်တာ မရှိသေးဘူး။ တိုင်းရင်းသားတွေကို သတ်သွားရင် ခင်ဗျားတို့မှာ တာဝန်ရှိတယ်ဆိုပြီး တာဝန်ရှိသူတွေကို ပြောခဲ့တယ်။ နောက်ဗျူဟာမှူးကိုလည်း ဖုန်းနဲ့ သတင်းပေးခဲ့တယ်။ ခြိမ်းခြောက်ခံရသူ မိသားစုတွေကို အားပေးစကားပြောပြီးတော့ ရွာမှာ နိုးနိုးကြားကြားနဲ့ ကင်းစောင့်ဖို့ ပြောခဲ့တယ်။ တစ်ခုခုဖြစ်ရင်လည်း ဖုန်းဆက်သွယ်ပြီး ပြောပါ။ လုံခြုံရေးပေးဖို့ကိုလည်း နယ်ခြားစောင့်နဲ့ ထွေအုပ်ကိုလည်း ပြောထားပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ခြိမ်းခြောက်ခံနေရသော ကျေးရွာများအနီးတစ်ဝိုက်တွင် ဘင်္ဂါလီကျေးရွာကြီးများ ပတ်လည်ဝိုင်းနေပြီး သွားလာရေးအတွက်လည်း လွန်စွာစိုးရိမ်နေရကြောင်းနှင့် တခြားကျေးရွာအချို့ကိုလည်း ခြိမ်းခြောက်မှုများ ရှိလာသည်မှာ ရက်အနည်းငယ် ရှိနေခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ခြိမ်းခြောက်လာတာ ရက်အနည်းငယ်ရှိပြီ။ ဖုန်းဆက်ပြီး ခြိမ်းခြောက်တယ်။ မက်ဆေ့ပို့ပြီး ခြိမ်းခြောက်တယ်။ ရွာပြင်က တံတားမှာလည်းလာပြီး စာကပ်ထားတယ်။ ရွာလူကြီးတွေ အကုန်လုံးကို သတ်ပစ်ပြီး တစ်ရွာလုံးကို မီးလောင်တိုက်သွင်းမယ်ဆိုတဲ့ စာသားတွေကို ပို့တယ်။ မနေ့က မြို့နယ်အဆင့် တာဝန်ရှိသူတွေလာတော့ ကင်းတွေစောင့်ကြလို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘာလက်နက်မှမရှိဘဲ ဘယ်လိုပုံစံမျိုး ကင်းစောင့်မလဲဆိုတာ စဉ်းစားလို့မရဘူး။ အစိုးရအနေနဲ့ လုံခြုံရေး အပြည့်အ၀ ချထားပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒါမှမဟုတ်ရင် ကျေးရွာမတည်မငြိမ် ဖြစ်လာမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ရွာပတ်လည်မှာလည်း ဘင်္ဂါလီရွာကြီးတွေက အများကြီးရှိနေတော့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး” ဟု သပြေတောကျေးရွာမှ ဦးသန်းဝင်းက ပြောကြားသည်။

ယင်းသို့ ခြိမ်းခြောက်မက်ဆေ့ပို့စာရင်းတွင် ကျေးရွာသားခုနစ်ဦး၏ အမည်စာရင်းများကိုလည်း ဖော်ပြထားသဖြင့် လုံခြုံရေး ဆောင်ရွက်ထားရှိရေးသည် အရေးပါသော ကိစ္စတစ်ရပ်ဖြစ်ကြောင်း ကျေးရွာသားများက ပြောဆိုကြသည်။

သန်းလှိုင်၊ သားရွှေဦး (ကစ္ဆပ)
Eleven Media Group

0 comments:

Post a Comment