Thursday, April 19, 2018

မွန်ပြည်သစ်ပါတီ၏ ဒုတိယအကြိမ် လူထုတွေ့ဆုံပွဲကို ကိုယ်စားလှယ် အယောက် ၂၀၀ ၀န်းကျင် ဖိတ်ကြားမည်


မွန်ပြည်သစ်ပါတီ(NMSP) အနေဖြင့် လူထုတွေ့ဆုံပွဲများကို ပါတီစခန်းအခြေစိုက်ရာ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်၊ ရန်ကုန်ဌာနချုပ်နှင့် ရန်ကုန်၊ ပဲခူးအပါအ၀င် နေရာ ၅ နေရာမှာ ကျင်းပရန် စီစဉ်ခဲ့သော်လည်း လူဦးရေကန့်သတ်မှုများရှိခဲ့သည့်အတွက် ပါတီအခြေစိုက်စခန်း ၂ နေရာမှာသာ ကျင်းပရန် ဆုံးဖြတ်ခဲ့ရကြောင်း မွန်ပြည်သစ်ပါတီရေးဆက်ဆံရေးရုံးမှ သိရသည်။

ဒုတိယအကြိမ်မြောက်လူထုတွေ့ဆုံပွဲ(လုပ်ငန်းစဉ်ရှင်းလင်းပွဲ) ကို လာမည့် ဧပြီလ ၂၆ရက်နှင့် ၂၇ ရက်နေ့တို့တွင် ရေးမြို့အရှေ့ဘက်ခြမ်းရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ၀ယ်ဇင်စခန်းတွင် ကျင်းပသွားမှာဖြစ်ပြီး ယင်းဆွေးနွေးပွဲမှာ မွန်ပြည်သစ်ပါတီအပါအ၀င် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၄၀ ဦး စုစုပေါင်း ကိုယ်စားလှယ် အယောက် ၂၀၀ နီးပါး ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ရေးဆက်ဆံရေးရုံးအုပ် နိုင်ပန်းက “ကျွန်တော်တို့ မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီးတော့ လူထုရှင်းလင်းပွဲတွေလုပ်မယ်။အဲ့ဒီမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာတင်ပြဖို့ အချက်အလက်တွေကို လူထုဆီက သဘောထားတွေ ရယူမယ်။အရင်တုန်းက ၅ နေရာလုပ်ဖို့အစီစဉ်ဆွဲထားတာ။ အခုက ၂ နေရာပဲလုပ်တော့မယ်ဆိုတော့ လူထုသဘောထားက ရသင့်သလောက်တော့ ရမယ်လို့ ယုံကြည်ပါတယ်။ 

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ လူထုရဲ့သဘောထားကို အသေးစိပ်သိထားတယ်ဆိုလို့ရှိရင် ပိုပြီးတော့အဆင်ပြေတာပေါ့။” ဟု ပြောကြားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ပထမဦးဆုံး လူထုတွေ့ဆုံရှင်းလင်းပွဲကို ဧပြီလ ၉ ရက်နေ့ မှ ၁၁ ရက်နေ့အထိ ရေးချောင်းဖျားဒေသ၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိမွန်အမျိုးသားပညာရေးဌာန(ညီစား) စခန်းတွင် ၃ ရက်ကြာကျင်းပခဲ့ပြီး မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ သံဃာတော်များ၊ မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ထိုင်းနိုင်ငံမွန်လူမျိုးကိုယ်စားလှယ်များစသည့် ကိုယ်စားလှယ် ၁၉၇ ဦးတက်ရောက်ခဲ့ကြသည်။

သတင်း - CL
ဓာတ်ပုံ - Aung Naing Win
Popular News Journal

0 comments:

Post a Comment