Tuesday, April 17, 2018

မုံရွာချင်းတွင်း သင်္ကြန်ပွဲနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းစာ ရှင်းလင်း


မုံရွာမြို့ ချင်းတွင်းမြစ် သဲသောင်ပြင်တွင် ခုနစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် မုံရွာချင်းတွင်းသင်္ကြန်ပွဲနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧပြီ ၁၇ ရက် နံနက်ပိုင်းက မုံရွာမြို့တော် ခန်းမဆောင်၏ အရှေ့တွင် မုံရွာအခြေစိုက် သတင်းထောက်များနှင့် ချင်းတွင်းသင်္ကြန်ပွဲသို့ သတင်းလာယူကြသည့် သတင်းထောက်များအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဖိတ်ခေါ်ကာ ယင်းကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ ချင်းတွင်းသင်္ကြန်ပွဲသို့ အိန္ဒိယနိုင်ငံဘက်မှ ဧည့်သည် ၁၀၀၀ လာရောက်မည်ဟု ကနဦး တိုင်းဝန်ကြီးချုပ်က မီဒီယာများအား ပြောထားသော်လည်း ရောက်လာခြင်းမရှိသည့်အတွက် ၎င်းပြောကြားခဲ့သည့် စကားအတွက် မီဒီယာများအား တောင်းပန်ကြောင်း ပြောကြားသည်။

“မင်းတို့ ကြည့်ပါ။ ကျွန်တော်တို့ပွဲမှာ ဘာတွေဖြစ်ခဲ့လဲ။ ဘာတစ်ခုမှ မဖြစ်ခဲ့ဘူး။ ရန်ဖြစ်တာလောက်ပဲ ဖြစ်ချင်ဖြစ်မယ်။ ပြင်းထန်တဲ့တာတွေ မဖြစ်ခဲ့ဘူး။ ရေနစ်သေတာ တစ်ယောက်မှ မရှိခဲ့ဘူး။ သတ်မှတ်ထားတဲ့ နေရာကိုကျော်ပြီး ရေနစ်သေတာပဲ ရှိခဲ့တယ်။ ပွဲတော်မစခင်က ကျွန်တော်ကြည့်လိုက်တယ်။ ကွင်းပြင်ကြီးက ကျယ်လိုက်တာ။ ပြည့်ပါ့ပြည့်ပါ့မလားလို့။ မနေ့က ကြည့်လိုက်တော့ ကွင်းပြင်ကြီးက ကျဉ်းတယ်လို့တောင် ထင်တယ်။ ချင်းတွင်းသင်္ကြန် ကျင်းပလိုက်တဲ့အတွက် အခုဆိုရင် စစ်ကိုင်းနဲ့ ချင်းတွင်းသင်္ကြန်ကို ကမ္ဘာက သိသွားပြီ။ ဒီအတွက် ကျွန်တော်ဝမ်းသာပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

ချင်းတွင်းသင်္ကြန်အပြင်တွင် ရေနစ်သေဆုံးပြီး ပေါ်လာသည့် အလောင်းသုံးလောင်း တွေ့ရှိခဲ့ကြောင်း၊ ရေနစ်သေဆုံးသူများ၏ သဘောသဘာဝအရ တစ်ည ရေနစ်ပြီးပါက မျက်နှာများတွင် ညိုလာသည့် အနေအထားရှိကြောင်း ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိခဲ့ရကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးသန်းဝင်းက ပြောကြားသည်။

“မူးပြီးတော့ မထိန်းနိုင်တဲ့ လူလောက်ကမှလွဲလို့ ကျန်တာခိုက်ရန်ဖြစ်ပွားမှု ပြင်းပြင်းထန်ထန် ဘာမှမရှိပါဘူး။ အမှုဖွင့်ပြီး အရေးယူရတဲ့ အနေအထားလောက်လည်း မရှိပါဘူး။ တစ်ခါတစ်လေမှာ ကြီးမားတဲ့မှုခင်းတွေ ဖြစ်ပွားလာမှာစိုးလို့ ထိန်းသိမ်းရတဲ့ အနေအထားလေးတွေတော့ ရှိပါတယ်။ လူပေါင်း ၂၄ ယောက်လောက်ကလွဲလို့ ကျန်တာဘာမှမရှိပါဘူး။ ၂၄ ယောက်ကတော့ ကြိုတင် ကာကွယ်တဲ့အနေနဲ့ အမှုဖွင့်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မုံရွာချင်းတွင်း သင်္ကြန်အား ဧပြီ ၁၁ ရက်မှစတင်ကာ ဧပြီ ၁၇ ရက်အထိ ခုနစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းသင်္ကြန်တွင် ပြခန်းဇုန်၊ ကလေးငယ်များ အားကစားကွင်းဇုန်၊ ရေကစားမဏ္ဍပ်များဇုန်၊ သဲပန်းပုအနုပညာပြခန်းဇုန်နှင့် နားနေစားသောက် အပန်းဖြေဇုန် ငါးခုကိုလည်း ထည့်သွင်းပြသခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၉၈ မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၉၈ ဦး၊ အမျိုးသမီး ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံးသူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီးသုံးဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ကောင်းခန့်လင်း
Eleven Media Group

0 comments:

Post a Comment