Tuesday, April 17, 2018

ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုပူပြင်းနေ


ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုပူပြင်းနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် သုံးဒီဂရီစင်တီဂရိတ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် နှစ်ဒီဂရီစင်တီဂရိတ် ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပြီး၊ ထူးခြားသည့် နေ့အပူချိန်များမှာ တောင်ငူမြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်၊ ပျဉ်းမနားမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဘော်လခဲမြို့တို့တွင် ၄၂ ဒီဂရီ စင်တီဂရိတ်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မိုးရွာသွန်းမှု အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များအနေဖြင့် လွန်ကျော်မြို့တွင် ၀ ဒသမ ၇၅ လက်မ၊ မိုင်းဆတ်မြို့နှင့် မုံရွာမြို့တို့တွင် ၀ ဒသမ ၄၄ လက်မစီ၊ ပင်လောင်းမြို့တွင် ၀ ဒသမ ၃၉ လက်မ၊ ဟဲဟိုးမြို့တွင် ၀ ဒသမ ၃၅ လက်မ၊ ကျိုင်းတုံမြို့တွင် ၀ ဒသမ ၃၂ လက်မနှင့် နေပြည်တော်(ဇေယျာသီရိ မြို့နယ်) တွင် ၀ ဒသမ၂၄ လက်မစီ ရွာသွန်းခဲ့သည်။

ဧပြီ ၁၈ ရက် မိုးလေ၀သခန့်မှန်းချက် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း) တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရွာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။

ဆန်းထူးအောင်
Eleven Media Group



0 comments:

Post a Comment