Wednesday, April 11, 2018

မြောင်းမြကြိုးတံတား ပျက်စီးပြီးနောက် ခရီးသွားလာရေးလွယ်ကူစေရန် ဇက်ကူးလုပ်ဆောင်ပေးနေသည့် ပရဟိတအဖွဲ့များနှင့် ဌာနဆိုင်ရာများအကြား အငြင်းပွားမှုကြောင့် ကားအစီးရေ ၁၀၀ ခန့် သွားလာ၍မရဖြစ်နေ


မြောင်းမြကြိုးတံတား ပျက်စီးခဲ့သည့် နေ့မှစ၍ ဧပြီ ၁၁ ရက် နံနက် ၁၂ နာရီအထိ ပြန်ကြားရေးရုံးရှေ့ရှိ ဇက်ဆိပ်နှင့် ကွယ်လွယ်ဇက်ဆိပ်များတွင် အခမဲ့လုပ်အားဒါနပေးနေသည့် ပရဟိတအဖွဲ့များနှင့် ဌာနဆိုင်ရာများအကြား အငြင်းပွားမှုကြောင့် ပရဟိတအဖွဲ့များမှ လုပ်အားဒါနလုပ်ဆောင်မှုကို ရပ်တန့်ခဲ့ပြီးနောက်တွင် ကားများ ဇက်ကူးရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး ကားအစီးရေ ၁၀၀ ခန့်ထိ ပိတ်မိနေခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ဇက်ဆိပ်များတွင် လုပ်အားဒါနပြုနေသည့် ပရဟိတအဖွဲ့များထံ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာနမှ ရုံးစာဖြင့် ဇက်ဆိပ်များတွင် ဌာနဆိုင်ရာအဖွဲ့များကို ကြီးကြပ်စေရန် ခွဲဝေတာ ၀န်ချထားပေးလိုက်သည်ဟု လာရောက်အကြောင်းကြားခဲ့ကြောင်း၊ ယင်းကဲ့သို့ အကြောင်းကြားခဲ့မှုကြောင့် ပရဟိတအဖွဲ့များမှာ ဆောင်ရွက်ဆဲလုပ်ငန်းများအား သိမ်းဆည်းခဲ့ကြောင်း၊ ပရဟိတအဖွဲ့များမှ လုပ်ငန်းများ ရပ်ဆိုင်းခဲ့သော်လည်း ဌာနဆိုင်ရာများမှ ကြီးကြပ်ရေးအဖွဲ့ဆိုသည်မှာ ရောက်ရှိလာခြင်း လာရောက်ခြင်းများမရှိသောကြောင့် ကားအစီးရေး ၁၀၀ ခန့်မှာ လမ်းများပိတ်ဆို့၍ ဇက်များကူးမရသည့် အထိဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းအပြင် ဇက်ဆိပ်များသို့ သွားရောက်ရသည့် ဘုရားချောင်းလမ်းမကြီးပေါ်မှ ဘုရားချောင်းချောင်းကူးတံတားမှာ ကားများအသွားများမှုကြောင့် နိမ့်ကျမှုများပါ ဖြစ်ပေါ်နေခဲ့ကြောင်း၊ ခရီးသည်များနှင့် မော်တော်ဆိုင်ကယ်များကို ပို့ဆောင်ပေးနေသည့် တောသူမယ်ရေယာဉ်ဆိုက်ကပ်ရန်အတွက် (၇)လမ်း ဆိပ်ခံတံတားမှာလည်း ဆွေးမြေ့နေပြီး ယက်မတန်းများ ကျိုးပျက်နေမှုကြောင့် ခရီးသည်များ သွားလာရေးအတွက် အခက်အခဲများ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ တံတားကျိုးတဲ့နေ့ကတည်းက အလှူရှင်တွေရှာ၊ ဇက်အလှူရှင်တွေရှာပြီးတော့ အခမဲ့နေ့တိုင်းပြေးဆွဲပေးနေတာ၊ ဒီနေ့ နေ့လယ် ၁၁ နာရီလောက်မှာ ဒုခရိုင်အုပ်ချုပ်ရေးမှူးဆိုတာ ရောက်လာပြီး ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်ဆိုပြီး စာလာပေးတယ်၊ စာမှာ ဌာနဆိုင်ရာတွေကို ရက်အလိုက် တာဝန်ခွဲဝေထားတာတွေ့ရတယ်၊ ကျွန်တော်တို့က ဘာမှမသိရဘူး၊ သူတို့ တို့ဌာနဆိုင်ရာက ကြီးကြပ်ရေးအဖွဲ့ဆိုတာလည်း တစ်ယောက်မှ မရှိဘူး၊ ဒါပေမဲ့ စာအရ ကျွန်တော်တို့က ဆက်လုပ်ပေးလို့ မရတော့ဘူးလေ။ ဒါ့ကြောင့် ကျွန်တော်တို့ အဖွဲ့နားလိုက်တာ၊ အခုလိုနားလိုက်တော့ ကားအစီးရေများစွာပိတ်မိပြီး ကားတွေကူးမရတော့ ဖြစ်ကုန်တယ်” ပရဟိတအဖွဲ့များမှ ဦးစိုးစိုးက ဆိုသည်။

သင်္ကြန်ပွဲတော် နီးကပ်လာမှုကြောင့် နေရပ်ပြန်သူ များပြားနေလျက်ရှိပြီး မော်တော်ယာဉ်များ ဇက်ကူးရာတွင် အဆင်မပြေခြင်း၊ ခရီးသည်များ သွားလာရာတွင် ဆိပ်ခံတံတားပျက်စီးနေခြင်းများကြောင့် လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သိရသည်။

မင်းသူဝင်းထွဋ်
Eleven Media Group

0 comments:

Post a Comment