Wednesday, April 11, 2018

အသက် ၉၀ နှင့်အထက် ဘိုးဘွားများအား ပေးနေသည့် လူမှုရေးပင်စင် လစဉ်ထောက်ပံ့မှုကို လာမည့်နှစ်မှစ၍ အသက် ၈၅ နှစ်အထိ လျှော့ချပေးနိုင်ရန် လူမှုဝန်ထမ်းစီစဉ်နေ



အသက် ၉၀ နှင့်အထက် ဘိုးဘွားများကိုပေးနေသည့် လူမှုရေးပင်စင်လစဉ် ထောက်ပံ့မှုကို နိုင်ငံတော်ဘတ်ဂျက်ရရှိမှုပေါ်မူတည်ပြီး လာမည့်နှစ်မှစ၍ အသက် ၈၅ နှစ်အထိ လျှော့ချပေးနိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ စီစဉ်နေကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဥပဒေကိုအကောင်အထည်ဖော်မည့် နည်းဥပဒေကို ဆက်လက်ရေးဆွဲနေကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် ဘတ်ဂျက်ရရှိမှုအပေါ်မူတည်၍ အသက် ၉၀ နှင့်အထက်ဘိုးဘွားများကို လူမှုရေးပင်စင် လစဉ်ထောက်ပံ့သည့်စနစ် ဆောင်ရွက်နေပြီး ယင်းအစီအစဉ်ကို လာမည့်နှစ်မှစ၍ အသက် ၈၅ နှစ်အထိ လျှော့ချရန် ပြင်ဆင်နေကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများအတွက် အရပ်ဘက်နှင့် လူမှုအဖွဲ့များမှ တည်ထောင်ထားသော ဘိုးဘွားရိပ်သာ ၈၁ ခုရှိပြီး လူမှုဝန် ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးစံပြဂေဟာကိုလည်း ဖွင့်လှစ်ပေးထားကြောင်း၊ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသည် ပြောင်းလဲလာသည့် လူဦးရေပုံသဏ္ဌာန်အရ အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်လာသည့်အတွက် ၀န်ကြီးဌာနက စီမံချက်အသွင်ဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နှင့် သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် Care Giver များအား လေ့ကျင့်မွေးထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အသက် ၆၀ နှင့်အထက် လူဦးရေခြောက်သန်းခန့်ရှိပြီး အသက် ၈၀ မှ ၉၀ ၀န်းကျင် သက်ကြီးရွယ်အိုများလာကြောင်း၊ သန်းခေါင်စာရင်းများအရ လူ ၁၀ ဦးတွင်တစ်ဦးမှာ အသက် ၆၀ နှင့် အထက်ဖြစ်နေပြီး လာမည့်၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ လူလေးဦးတွင် တစ်ဦးနှုန်းမှာ အသက် ၆၀ နှင့်အထက် ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ သက်ကြီးရွယ်အိုညွှန်းကိန်းသည်၂၀ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တွင် သက်ကြီးရွယ်အိုညွှန်းကိန်းအမြင့်ဆုံးမှာ မကွေးတိုင်းဒေသကြီးဖြစ်ပြီး၂၆ ဒသမ ၇ ရာခိုင်နှုန်း ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှာ ဒုတိယအမြင့်ဆုံးဖြစ်ပြီး ၂၄ ဒသမ ၁ ရာခိုင်နှုန်းရှိ ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးမှာ တတိယနေရာတွင်ရှိနေပြီး ၂၃ ဒသမ ၈ ရာခိုင် နှုန်းရှိကြောင်း သိရသည်။

အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုဦးရေ ၂ç၈၉၇ç၅၆၃ ဦးရှိပြီး ယင်းအုပ်စုသည် လူဦးရေစုစုပေါင်း၏ ၅ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း၊ အသက် ၁၅ နှစ်အောက် ကလေးအရွယ်လူငယ် ၁၄ သန်းကျော်ရှိပြီး အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်း အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေ ၃၂ သန်းခန့်ရှိ ကြောင်း၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဦးရေ သုံးသန်းနီးပါးခန့်ရှိနေပြီး လာမည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုတိုးပွားမှုနှုန်း ၁၅ ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း သိရသည်။

အိသဉ္ဇာကျော်
Eleven Media Group

0 comments:

Post a Comment