Tuesday, April 10, 2018

ငြိမ်းချမ်းရေးကို လက်နက်အားကိုးဖြင့် လုပ်နိုင်မည်မဟုတ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆို


တိုင်းပြည်ငြိမ်းချမ်းရေးရရှိရန်အတွက် လက်နက်အားကိုးဖြင့် လုပ်နိုင်မည် မဟုတ်ဘဲ ကိုယ်စီယုံကြည်မှုများ ရှိကြရန် လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဧပြီ ၁၀ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ အ.ထ.က (၁) ပညာရတနာခန်းမ၌ ကျင်းပသည့် ငြိမ်းချမ်းရေး စကားဝိုင်းတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ အထိခိုက်ဆုံးက တပ်မတော်ရယ် လက်နက်ကိုင်တပ်ဖွဲ့တွေရယ်က ရဲဘော်တွေ ဖြစ်ပါတယ်။ သူတို့လည်းအထိခိုက် ခံချင်မှာမဟုတ်ဘူး။ သူတို့မိသားစုတွေကလည်း သူတို့ရဲ့ အစ်ကိုတွေ မောင်တွေ အဖေတွေ ခင်ပွန်းသည်တွေကို ဆုံးရှုံးခံချင်မှာမဟုတ်ဘူး။ ဘာကြောင့် NCA ကို မထိုးကြသေးလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုမရှိလို့။ ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိရင် တစ်ယောက်နဲ့တစ်ယောက် တစ်ခြားသူတွေကိုလည်း ယုံကြည်မှု အင်အားတွေဖြစ်လာမယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ငြိမ်းချမ်းသည့်လမ်းစဉ်ဖြင့် မိမိတို့တိုင်းရင်းသားများအတွက်၊ မိမိအစုအဖွဲ့များအတွက်လိုအပ်သော တိုးတက်မှုများကို လုပ်ပေးနိုင်သည့် အရည်အချင်းရှိသည်ကို ယုံကြည်မှုရှိနေရန်၊ လုံ့လ၊ ဝီရိယ၊ စေတနာ၊ ပညာ သတ္တိ တို့ကိုအခြေခံပြီး ယုံကြည်စွာ စွန့်စားကြရန်လိုကြောင်း အားလုံးက ကိုယ့်ကိုယ်ကို ယုံကြည်မှုဖြင့် အခြားသူများကို ယုံကြည်မှုပေးရန်ဖြစ်ကြောင်း၊ မိမိကိုယ် အတွင်း၌ ယုံကြည်မှု ရှိမှ အခြားသူအပေါ်တွင်လည်း ယုံကြည်မှု ရှိမည်ဖြစ်ကြောင်းနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းနေ့ နံနက် ၉ နာရီခွဲ ဝန်းကျင်ခန့်က မြောင်းမြ မြို့သို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဦးစွာသူမ၏ မိခင် ဒေါ်ခင်ကြည် ကိုးကွယ်သည့် ဇေယျမေဒိနီ ဘုန်းကြီးကျောင်းမှ ဆရာတော်ကို ဖူးမြော်ဩဝါဒခံယူခဲ့ပြီးနောက် ဒေသခံများ၏ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြောင်း မွန်းလွဲပိုင်းတွင် ကျိုးပြတ်သွားသည့် မြောင်းမြတံတားသို့ သွားရောက်ကြည်ရှု့ကာ တံတား ကျိုးပြတ်ရာ၌ အသက်ဆုံးရှုံးခဲ့သည့် မိသားစုဝင်များနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ ပြီးနောက် မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးခဲ့သည်။




The Voice

0 comments:

Post a Comment