Tuesday, April 10, 2018

ပုဒ်မ ၁၇ (၁) မတရားအသင်း နှင့် ဆက်သွယ်ဆောင်ရွက်မှုကို တရားသူကြီးများအနေဖြင့်မှန်မှန်ကန်ကန်သုံးသပ်ဆောင်ရွက်ရန် အတိုင်ပင်ခံ တိုက်တွန်းပြောကြား


ပုဒ်မ ၁၇( ၁ ) မတရားအသင်း နှင့် ဆက်သွယ်ဆောင်ရွက်မှုကို တရားသူကြီးများအနေဖြင့် မှန်မှန်ကန်ကန် သုံးသပ် ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

ဧပြီ၁၀ ရက် က မြောင်းမြမြို့နယ် တွင် ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ စကားဝိုင်း (Peace Talk) ၌ ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မတရားအသင်း နှင့် ဆက်သွယ်ဆောင်ရွက်သည့် ပုဒ်မ ကို စကားဝိုင်းတွင် ဒေသခံပြည်သူတစ်ဦးက ဆွေးနွေးရာမှ အတိုင်ပင်ခံက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

’’ပုဒ်၁၇ (၁) မတရားအသင်းနဲ့ ဆက်သွယ်တာ ဒီဟာက ဆက်စပ်နေတာ ၁၆ ၊ ၁၅ပေါ့။ အဲဒီတော့ ပြန်ကြည့်ရင် ငြိမ်းချမ်းရေးမရှိတာဟာ တရားဥပဒေ စိုးမိုးမှု မရှိလို့ တရားဥပဒေစိုးမိုးမှု မရှိတာဟာ မငြိမ်းချမ်းလို့ပေါ့။ ဥပဒေဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးရမယ်။ နို့မို့ဆို ရဲက ဖမ်း ထောင် ချလို့ရတာပဲ။ ဘာလို့တရားရုံးတွေရှိတာလဲ။ ဥပဒေကို မှန်မှန်ကန်ကန် အဓိပ္ပာယ်ဖွင့်ဆိုဖို့ဖြစ်တယ်။ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုတာ ဟိုဘက်ကနေ ဖိအားပေးလို့ ဆတ်ကြေးကောက်လို့ ဆက်သွယ်တာလား။ မိသားစုလုံခြုံရေးအတွက်လား ၊ ဒါကို တရားသူကြီးက မှန်မှန်ကန်ကန်သုံးသပ်နိုင်ရမယ်’’ဟု အတိုင်ပင်ခံက ဆိုသည်။

တရားရေးမဏ္ဍိုင်သည် အပြစ်ဒဏ်ပေးရုံတင်မဟုတ်ဘဲ တရားမျှတမှုကို ပါ လုပ်ဆောင်သင့်ကြောင်း ၊ ဒဏ်ပေးမည် ဆော်ပစ်မည် မဖြစ်စေရဘဲ တရားမျှတသည့် အတွေးအခေါ် နှင့် တရားရေးကို စီမံခန့်ခွဲရမည်ဟု အတိုင်ပင်ခံက ပြောကြားခဲ့သည်။

မင်းသီဟန် (အကုန်သိသတင်းဌာန) 

0 comments:

Post a Comment