Wednesday, April 18, 2018

ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းရှေ့ရှိ ရေကစားမဏ္ဍပ်အား ဒိုင်နာယာဉ်ဝင်တိုက်မှု ဖြစ်စဉ်တွင် ကျဆုံးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်၏ ဈာပန အခမ်းအနား ပြုလုပ်


ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းရှေ့ရှိ ရေကစားမဏ္ဍပ်အား ဒိုင်နာယာဉ်ဝင်တိုက်မှု ဖြစ်စဉ်တွင် ကျဆုံးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်အား အခမ်းအနားဖြင့် သင်္ဂြိုဟ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။

ဒိုင်နာယာဉ် ၀င်တိုက်မှုကြောင့် ကျဆုံးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်မှာ ၁၉ နှစ်အရွယ်သာ ရှိသေးကြောင်း သိရပြီး ကျဆုံးချိန်တွင် ရေကစားနေခြင်း မဟုတ်ကြောင်း သိရသည်။

အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်အား ဧပြီ ၁၆ ရက်တွင် ထိန်ပင်သုသာန်၌ သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးဌေးဝင်း အစရှိသူတို့အပြင် မြို့နယ်မီးသတ် ဦးစီးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းပေါ်တွင် ရေပက်ခံ ဒိုင်နာယာဉ်တစ်စီးက ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းရှေ့ရှိ မိသားစုရေကစားမဏ္ဍပ်အား ၀င်တိုက်မှု ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းအတွင်း ညဈေးဘက်မှ မောင်းနှင်လာသည့် ရေပက်ခံ ဒိုင်နာယာဉ်တစ်စီးသည် ကြည့်မြင်တိုင် မီးသတ်စခန်းရှေ့ အရောက်၌ အရှေ့မှ မောင်းနှင်လာသည့် ယာဉ်တစ်စီးအား ရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ ကြည့်မြင်တိုင် မီးသတ်စခန်းရှိ ရေပက်ကစားနေသည့် မိသားစု ရေကစားမဏ္ဍပ်အား ၀င်တိုက်မိခဲ့ကြောင်း၊ ထိုသို့ တိုက်မိမှုကြောင့် ကြည့်မြင်တိုင် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးနှင့် အခြားသူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment