Sunday, April 15, 2018

မွန်ပြည်နယ် ချောင်းဆုံမြို့ နယ် ကလော့ကျေးရွာအုပ်စု အပြိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုမှာ ရှို့ မီးဟုသိရ


မွန်ပြည်နယ် ချောင်းဆုံမြို့ နယ် ကလော့ကျေးရွာအုပ်စု အပြိုင်ကျေးရွာတွင် ဧပြီလ ၁၃ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် Level – 4 အဆင့်ရှိ မီးလောင်မှုမှာ ရှို့ မီးဖြစ်ကြောင်း ချောင်းဆုံမြို့ မရဲစခန်းထံမှ သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ချောင်းဆုံမြို့ မရဲစခန်းမှူး ဒုရဲမှူး ကျော်ဆန်းဦး နှင့် တပ်ဖွဲ့ ဝင်များမှ မီးလောင်မှုဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများအား စုံစမ်းစစ်ဆေးခဲ့ရာ မီးလောင်မှုမှာ အပြိုင်ကျေးရွာ၊ ရပ်ကွက် (၈) နေ ကိုစိန် နှင့် ဇနီးဖြစ်သူ ဒေါ်ချို တို့ ၏ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးစတင် လောင်ကျွမ်းချိန်တွင် ကိုစိန် နှင့် ဒေါ်ချို၏နေအိမ်တွင် အိမ်ရှင်များမရှိဘဲ ဒေါ်ချို၏ ဦးလေးဝမ်းကွဲ တော်စပ်ပြီး အဆိုပါနေအိမ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေသူ မွန်ချမ်း (ခ) သိန်းထွန်း (၃၂) နှစ် (ဘ) ဦးဒွေး (ယခင် အပြိုင်ကျေးရွာတွင် နေထိုင်ခဲ့ပြီး၊ လက်ရှိ ကရင်ပြည်နယ် ဘားအံမြို့ တွင် ကားဆေးမှုတ်လုပ်ငန်း လုပ်နေသူ) မှ ဆိုင်ကယ်ဖြင့် ထွက်လာပြီး၊ အဆိုပါ နေအိမ်ဘက်သို့ နောက်ပြန် လှည့်ကြည့်နေရာ အနီးပတ်ဝန်းကျင်မှ မီးလောင်နေကြောင်း အော်ဟစ်ကြသည့်အခါမှ ဆိုင်ကယ်အား အပြင်းမောင်းနှင် ထွက်ပြေးသွားသည်ကို စုံစမ်းသိရှိခဲ့ကြောင်း၊ ယင်းစုံစမ်း ဖော်ထုတ်ချက်များအရ မီးရှို့ ခဲ့သူ မွန်ချမ်း (ခ) သိန်းထွန်း ဆိုသူအား ဖမ်းဆီးရမိနိုင်ရေးအတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့  မှုခင်းအကူတပ်ဖွဲ့ သို့ အကူအညီ တောင်းခံခဲ့ရာ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ မှုခင်းအကူတပ်ဖွဲ့ ရဲအုပ်လွင်နိုင်အေးနှင့် တပ်ဖွဲ့ ဝင်များမှ မွန်ချမ်း (ခ) သိန်းထွန်း အလုပ်လုပ်ကိုင်နေသည့် ဘားအံမြို့ (၉) ရပ်ကွက် မဟော်ဂနီလမ်းရှိ ရွှေပန်းပွင့် ကားဘော်ဒီဆေးမှုတ် အလုပ်ရုံ၌ မွန်ချမ်း (ခ) သိန်းထွန်းအား ဧပြီလ (၁၃) ရက် ည (၁၀း၃၀) အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“ကျွန်တောတို့ စုံစမ်းဖေါ်ထုတ်ချက်အရ ဒီမီးလောင်မှုက ရှို့မီးဖြစ်တယ်ဆိုတာ သိရတဲ့အတွက် ကျူးလွန်သူလို့ ယူဆရတဲ့ မွန်ချမ်းကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့တဲ့အခါမှာ မွန်ချမ်းက ကရင်ပြည်နယ် ဘားအံမှာ ဘောဒီဆေးမှုတ်လုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်တဲ့အတွက်ကို ကရင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲ့ အကူအညီနဲ့ မွန်ချမ်းကို အခင်းဖြစ်တဲ့ညမှာဘဲ ဖမ်းဆီးရမိခဲ့ပါတယ်။ မွန်ချမ်း (ခ) သိန်းထွန်းကို ချောင်းဆုံမြို့ မရဲစခန်းမှာ (ပ) ၅၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၄၃၆ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်” ဟု ချောင်းဆုံမြို့ မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ဧပြီလ (၁၃) ရက် ညနေ (၅) နာရီအချိန်ခန့် က ချောင်းဆုံမြို့ နယ် ကလော့ကျေးရွာအုပ်စု၊ အပြိုင်ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်ရာသို့ ချောင်းဆုံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ မီးသတ် ရေသယ်ယာဉ် တစ်စီး၊ မုဒွန်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ မော်လမြိုင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ကွမ်ရိုက်ကျေးရွာ အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ အပြိုင်ကျေးရွာမှ ကိုယ်ထူကိုယ်ထ ရေသယ်ယာဉ် တစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီးနှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် (၄၃) ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၁၀၀) ဦး၊ ရဲတပ်ဖွဲ့ဝင် (၃၈) ဦး၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံကျေးရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ (၅) နာရီ (၅၀) မီနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး (၈) နာရီ (၁၀) မီနစ်တွင် မီးလုံးဝငြိမ်းခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်မှုကြောင့် အုတ်ကာ၊ သွပ်မိုး၊ ကွန်ကရစ်ခင်းနေအိမ် (၁၄) လုံး၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း နေအိမ် (၁၅) လုံးနှင့် ဓနိမိုး၊ ထရံကာ၊ ဝါးခင်း နေအိမ် (၁၅) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အိမ်ထောင်စု (၄၅) စုမှ မီးဘေးဒုက္ခသည် (၁၉၉) ဦးအား အပြိုင်ကျေးရွာ အောင်မင်္ဂလာသုခဓမ္မဘုန်းကြီးကျောင်း၌ မီးဘေးသင့်စခန်း ဖွင့်လှစ်ပေးထားကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။



ဘိုဘိုမြင့်
Eleven Media Group 

0 comments:

Post a Comment