Saturday, April 14, 2018

ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ၏ “ဒေါင်းတို့ အားမာန်” သင်္ကြန်သံချပ်အဖွဲ့  ဗဟိုမဏ္ဍပ်အရှေ့ ၌ ဖျော်ဖြေနေစဉ် ရဲတပ်ဖွဲ့ မှ လာရောက်တားဆီးခဲ့


တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်၌ လှည့်လည် ဖျော်ဖြေနေသည့် ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂ၏ “ဒေါင်းတို့ အားမာန်”သင်္ကြန်သံချပ်အဖွဲ့ အား ဧပြီလ ၁၄ ရက်(သင်္ကြန်အကျနေ့) ညပိုင်းက ဗဟိုမဏ္ဍပ်အရှေ့ ၌ ဖျော်ဖြေနေစဉ် ရဲတပ်ဖွဲ့မှ လာရောက် တားဆီးခဲ့ကြောင်း သိရသည်။

ယခုနှစ် တနသာင်္ရီတိုင်းဒေသကြီး၏ မဟာသင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်ပေါ်၌ သံချပ်ထိုးခွင့် မပြုကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ က ဆုံးဖြတ်ထားသည်။ သင်္ကြန်အကြိုနေ့မှ စတင်ကာ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများ၌ ရွေ့လျားယာဉ်ဖြင့် လှည့်လည်ဖျော်ဖြေနေသည့် ယင်း “ဒေါင်းတို့ အားမာန်”သင်္ကြန်သံချပ်အဖွဲ့ မှာ ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) ညက ဗဟိုမဏ္ဍပ်အရှေ့ တွင် ယာဉ်ပေါ်မှ သံချပ်ထိုးကာ ဖျော်ဖြေနေစဉ် ရဲတပ်ဖွဲ့ ဝင်များက ဗဟိုမဏ္ဍပ်အနီး ဖျော်ဖြေခွင့်မရှိကြောင်း လာရောက် တားဆီးခဲ့ရာမှ ကျောင်းသားသမဂ္ဂ အဖွဲ့ ဝင်များနှင့် အခြေအတင် စကားများမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပွားခဲ့သော်လည်း သံချပ်အဖွဲ့၏ ဖျော်ဖြေမှုကို မရပ်ဆိုင်းခဲ့ဘဲ ဆက်လက်ဖျော်ဖြေခဲ့ပြီး ဒေသခံ ပရိတ်သတ်များက အားပေးခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီ “ဒေါင်းတို့ အားမာန်” သံချပ်အဖွဲ့ က အစကတည်းက မဏ္ဍပ်အပေါ်မှာ ထိုးဖို့ ခွင့်ပြုချက် တင်တယ်။ သူတို့ (အစိုးရအဖွဲ့ ) က ဘာပြောလဲဆိုတော့ ဗဟိုမဏ္ဍပ်မှာတော့ မရဘူး။ ကျန်တဲ့ မဏ္ဍပ်မှာတော့ မဏ္ဍပ်တာဝန်ခံတွေနဲ့ ညှိပြီး လုပ်လို့ ပြောတယ်။ အဲဒီအတွက် ဗဟိုမဏ္ဍပ်မှာ တက်ခွင့်မရလို့ ကျန်တဲ့မဏ္ဍပ်လည်း မတက်ဘူး။ ကျွန်တော်တို့ ဟာ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ဒီအကဖောင်နဲ့ မြို့ထဲမှာ လှည့်တယ်။ လှည့်တဲ့အချိန်မှာ မဏ္ဍပ်တိုင်းကို ရောက်ချင်မှ ရောက်လိမ့်မယ်၊ မရောက်ချင်လည်း မရောက်ဘူး။ အခု ဒီလိုရောက်သွားလို့ ဗဟိုမဏ္ဍပ်မှာ သူတို့ အကပြိုင်နေတယ်ဆိုတာ ကျွန်တော်တို့ နားလည်တယ်။ ဒါပေမယ့် သူတို့ ကပြီးမှ ကျွန်တော်တို့ သံချပ်က စတာ။ ကျွန်တော်တို့ သံချပ်စတော့ ရဲတွေ လာတာပေါ့။ ရဲတွေက လာတားတယ်။ ပြိုင်ပွဲလုပ်နေလို့  ဒီမှာ သံချပ်ထိုးလို့  မရဘူးပေါ့။ အဲဒီအပေါ်မှာ ကျွန်တော်တို့က ဘာလဲဆိုတော့ အစကတည်းက မဏ္ဍပ်ပေါ်မှာ ထိုးခွင့်မရလို့ပဲ ကိုယ့်ဟာကိုယ် ကားနဲ့ လာတာ။ ဆိုတော့ ကျွန်တော်တို့  ဒီလိုကားပေါ်မှာ ထိုးတာကို တားပိုင်ခွင့်မရှိဘူးလို့ မြင်တယ်ပေါ့နော်။ ဒါပေမယ့် သူတို့ ဘာကိုကြောက်လို့ ကြောက်မှန်းမသိတဲ့ ဘယ်သူက တားခိုင်းလို့ တားခိုင်းမှန်းမသိတဲ့ အဖြေတစ်ခုနဲ့ ကျွန်တော်တို့ဆီကို လာတားတာကို အပြင်းအထန် ကန့်ကွက်ပါတယ် ” ဟု ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်ဖြစ်သူ ကိုအောင်ဝေယံကျော်က ပြောကြားသည်။

ယခုနှစ် တနသာင်္ရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော ထားဝယ်မြို့ ၌ ဗဟိုမဏ္ဍပ် အပါအဝင် အစိုးရဌာနမဏ္ဍပ် သုံးခုသာရှိပြီး ယိမ်းအကပြိုင်ပွဲအတွက် ၁၅ ဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ သံချပ်ပြိုင်ပွဲကို ထည့်သွင်း ကျင်းပပေးခဲ့ခြင်း မရှိကြောင်း၊ ဗဟိုမဏ္ဍပ်၌ သံချပ်ဖျော်ဖြေခွင့် ပြုမည်မဟုတ်ကြောင်းကို ပြီးခဲ့သည့် မတ်လ ၆ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တနသာင်္ရီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဆုံးဖြတ်ခဲ့မှုအပေါ် ဒေသခံများနှင့် သံချပ်အဖွဲ့ များအကြား ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ဖြိုးဇင်(ထားဝယ်)
Eleven Media Group
Sunday, April 15, 2018

0 comments:

Post a Comment