Saturday, April 14, 2018

ကရင်ပြည်နယ်အတွင်း လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ကာ လူအန္တရာယ်ပြုနိုင်သော ပစ္စည်းများ သိမ်းဆည်းနေ


ကရင်ပြည်နယ်တွင် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များအပြင် တန်ခိုးကြီးဘုရားများ၊ ရေတံခွန်များအပါအဝင် လူအဝင်/အထွက်များသော အပန်းဖြေနေရာများ၌ပါ လုံခြုံရေးအရ ရှာဖွေစစ်ဆေးခြင်းများကို မြို့ဝင် /မြို့ထွက် နေရာများတွင် တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး စစ်ဆေးစဉ်လူအန္တရာယ်ပြုစေနိုင်သော အရာများကို လုံခြုံရေးအရ သိမ်းဆည်းလျက်ရှိကြောင်း သိရသည်။

" ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်း၏ ကြီးကြပ်မှုဖြင့် သင်္ကြန်ကာလ ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များအပြင် တန်ခိုးကြီး ဘုရားများ၊ ရေတံခွန်များ အပါအဝင် လူအဝင်/ အထွက်များသော အပန်းဖြေနေရာများ မြို့ဝင် /မြို့ထွက်များ မှာ စောင့်ကြည့်စစ်ဆေးပြီး ယာဉ်/လမ်း မတော်တဆမှု့တွေ မဖြစ်အောင်လည်း လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်" ဟု ရဲမှုး တင်မောင်ဦးက ပြောသည်။

လုံခြုံရေးနှင့် စစ်ဆေးရေးဆောင်ရွက်စဉ် ဘားအံမြို့နယ်တွင် မျက်နှာဖုံးစွပ် (အရောင်မျိုးစုံ) ၃၂ ခု၊ ဝက်အူလှည့် (အရွယ်/အရောင်မျိုးစုံ) ၅၃ ချောင်း၊ ဓါး ၂ ချောင်း၊ လေးခွ ၇ လက်၊ ခေါက်ဓါး ၁ ချောင်း၊ စတီးပိုက် ၂ ချောင်း၊ သံကြိုး ၁ ချောင်း၊ ကော့ကရိတ်မြို့နယ်တွင် မူးယစ်ဆေးဝါး ၄၅ပြားနှင့် တရားခံတစ်ဦး၊ မျက်နှာဖုံးစွပ် (အရောင်မျိုးစုံ) ၃၀ ခု၊ ဝက်အူလှည့် (အရွယ်/အရောင်မျိုးစုံ) ၂၄ ချောင်း၊ ထိုင်းနံပါတ်ပြား ၂ ခု၊ လေးခွ ၂ လက်၊ သံကြိုး ၂ ချောင်း၊ နံချပ်ကူ ၂ ခု၊ သံလက်သီး ၂ ခု၊ မြဝတီမြို့တွင် မျက်နှာဖုံးစွပ် (အရောင်မျိုးစုံ) ၅၈ ခု၊ ယိုးဒယား ဆိုင်ကယ်နံပါတ်ပြား ၃ ခု၊ ဝက်အူလှည့် (အရွယ်/အရောင်မျိုးစုံ) ၁၁၁ ချောင်း၊ ပလာယာ ၁၁ ချောင်း၊ ဂွင်း/ဂွမျိုးစုံ ၂၂ ချောင်း၊ ချိန်းကြိုး ၂ ချောင်း၊ သံကြိုး ၅ ချောင်း၊ လေးဂွ ၁ လက်၊ နိုင်ငံတကာ အလံများပါ ခေါင်းစည်း ၁၁ ထည်၊ အရှည် ၅ ပေကျော်ခန့်ရှိ ကော်ပိုက် ၁ ချောင်း၊ စသည့် ဘေးအန္တရာယ်ဖြစ်စေတတ်သော လက်နက်များကို ကြိုတင်ကာကွယ်သည့်အနေဖြင့် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါသည်။

ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များမှ သင်္ကြန်ကာလအတွင်း ယာဉ်/လမ်း မတော်တဆမှုမဖြစ်စေရေး လုံခြုံရေး၊ စစ်ဆေးရေး၊ လှည့်ကင်း၊ ရပ်ကင်းများနှင့် အသိပညာပေးပြောကြားခြင်းတို့ကို တပ်မတော်၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ တိုင်းရင်းသား လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာရပ်မိ/ရပ်ဖများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။




စောဘောသိုလ် (အကုန်သိသတင်းဌာန) 

0 comments:

Post a Comment