Sunday, April 8, 2018

ဘဏ်တိုးမလျှော့နိုင်တဲ့ ဂယက်၊ ဘဏ်အပ်ငွေအပေါ် မှီခိုလွန်းတဲ့ တိုင်းပြည်အနေနဲ့ လာအိုကို ဘယ်လိုကျော်တက်မလဲ


ပြည်တွင်းဘဏ်တွေမှာ အများပြည်သူ ငွေအပ်နှံမှုပမာဏ ကျပ် ဘီလျံ ၃၃၃၀၀ ကျော်ရှိလာပြီး ကျပ် ဘီလျံ ၂၃၃၀၀ ကျော်ကို ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မတ်လကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ IMF Article IV Consultation ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ် ၂၄ ခု၊ နိုင်ငံပိုင်ဘဏ် လေးခုနဲ့ နိုင်ငံခြားဘဏ်ခွဲ ၁၃ ခုအပြင် အသစ်ထပ်တိုးဖွင့် ခွင့်ပြုမယ့် ဘဏ်သစ်ငါးခုပါ ပေါင်းပြီးဖွင့်မယ်ဆိုရင် ပြည်တွင်းဘဏ်ဖောင်းပွမှု ဖြစ်ပေါ်နေပြီလို့ ဆိုရပေမယ့် ဘဏ်ကို အသုံးပြုသူ အရေအတွက်ဟာ လူဦးရေရဲ့ ရာခိုင်နှုန်း ၂၀ ပတ်လည်ပဲ ရှိနေပါတယ်။

အတိအကျပြောမယ်ဆိုရင် ၂၀၁၄ ခုနှစ်မှာ လေ့လာခဲ့တဲ့စစ်တမ်းအရ အသက် ၁၅ နှစ်အထက် လူဦးရေရဲ့ ၂၃ ရာခိုင်နှုန်းကပဲ ဘဏ်စနစ်ကို အသုံးပြုနေတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းက ဧပြီ ၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာ့ကူးသန်းရောင်းဝယ်ရေးဘဏ်များ၏ အနာဂတ် အလားအလာ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

လူဦးရေရဲ့ ရာခိုင်နှုန်း ၂၀ လောက်ကပဲ ဘဏ်စနစ်ကို အသုံးပြုနေတဲ့အချိန်မှာ ဘဏ်အပ်ငွေက တစ်နိုင်ငံလုံးမှာ လှည့်ပတ်အသုံးပြုနေတဲ့ ငွေကြေးပမာဏထက် များပြားနေသလားဆိုတဲ့ အခြေအနေ တစ်ခုထွက်လာပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံရဲ့ လှည့်ပတ်သုံးစွဲငွေက ကျပ်ဘီလျံ ၁၀၀၀၀ လောက်ပဲ ရှိနေတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာကြောင့်ပါ။

ဒီလို ဘဏ်အပ်ငွေ များလွန်းနေတဲ့ အခြေအနေ၊ NLD အစိုးရ လက်ထက်စီးပွားရေး ကျဆင်းနေတယ်ဆိုတဲ့ ဝေဖန်သံ၊ ဘဏ်တိုးနှုန်း လျှော့ချနိုင်မှုမရှိတဲ့ ဂယက်တွေနဲ့ လက်ရှိအစိုးရလက်ထက်မှာ လာအိုနိုင်ငံကို ကျော်တက်ဖို့တောင် မဖြစ်နိုင်ဘူးဆိုတဲ့ အခြေအနေလေးချကို ပြန်သုံးသပ်မယ်ဆိုရင် ဘဏ်အပ်ငွေကို မှီခိုပြီး ရပ်တည်နေတဲ့ စီးပွားရေးလုပ်ငန်းမလုပ်တဲ့ လူတန်းစားတစ်စုကို တွေ့မြင်ရမှာဖြစ်ပြီး ဘဏ်တွေနဲ့ အဆက်အဆံရှိနေတဲ့လူတွေဟာလည်း အများစုက စီးပွားရေး လုပ်ခဲ့တဲ့သူတွေ ဖြစ်တာကြောင့် ဘာကြောင့် အလုပ်မလုပ်ကြတော့ဘဲ ဘဏ်မှာငွေအပ်ပြီး ဘဏ်တိုးထုတ်စားနေတာလဲဆိုတဲ့ အဖြေကို NLD အစိုးရအနေနဲ့ မလွဲမသွေ အဖြေရှာဖို့ လိုအပ်လာပါတယ်။

ဘဏ်အပ်ငွေ ဘယ်လောက်တိုးတက်ခဲ့လဲ

မြန်မာနိုင်ငံရဲ့ ငွေကြေးလှည့်ပတ်သုံးစွဲမှုကို ကြည့်မယ်ဆိုရင် NLD အစိုးရ အာဏာလွှဲပြောင်းရယူခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ်လကုန်မှာ လှည့်လည်သုံးစွဲငွေကျပ် ၁၀၁၅၇ ဘီလျံရှိပြီး စုဆောင်းမှုအပ်နှံငွေ ပမာဏက ကျပ် ၂၅၈၈၃ ဘီလျံအထိ ရှိခဲ့ပါတယ်။ စုဆောင်းမှုအပ်နှံငွေ ကျပ် ၂၅၈၈၃ ဘီလျံမှာဆိုရင် စာရင်းရှင်အပ်ငွေက ၄၆၆၂ ဘီလျံပဲ ရှိနေပြီး စုဆောင်းမှုအပ်ငွေက ကျပ် ၂၁၂၂၁ ဘီလျံအထိ ရှိနေတာကို တွေ့မြင်ရပါတယ်။

ဒီပမာဏဟာ တစ်နှစ်ကျော်အကြာ ၂၀၁၇ ခုနှစ် မတ်လမှာ ဘီလျံ ၁၀၀၀၀ နီးပါး ခုန်တက်သွားပြီး ဘဏ်အပ်ငွေတွေအဖြစ် နိုင်ငံပိုင်ဘဏ်တွေမှာ ကျပ် ၉၉၇၉ ဘီလျံ (ဘဏ်လုပ်ငန်းတစ်ခုလုံး၏ ၂၈ ရာခိုင်နှုန်း)၊ ပုဂ္ဂလိကဘဏ်တွေမှာ ကျပ် ၂၃၃၂၄ ဘီလျံ (ဘဏ်လုပ်ငန်းတစ်ခုလုံး၏ ၆၆ ရာခိုင်နှုန်း)၊ နိုင်ငံခြားဘဏ်တွေမှာ ကျပ် ၂၁၂၀ ဘီလျံ (ဘဏ်လုပ်ငန်းတစ်ခုလုံး၏ ခြောက်ရာခိုင်နှုန်း) အထိ မြင့်တက်လာပြီး ဘဏ်လုပ်ငန်းတစ်ခုလုံးမှာ စုစုပေါင်း အပ်ငွေပမာဏ ကျပ် ၃၅၄၂၄ ဘီလျံအထိ ရောက်လာခဲ့တယ်လို့ IMF Article IV Consultation ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာ ဘယ်လိုပဲ လျာထားချက် ပြည့်မီပါတယ်ပြောပြော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် ၀င်ရောက်မှု ကျဆင်းနေတာကို တွေ့ရပါတယ်။ လတ်တလော မြန်မာ့စီးပွားရေးဟာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် မူတည်နေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းတာနဲ့ မြန်မာ့စီးပွားရေး ကျဆင်းနေတယ်ဆိုတဲ့ အခြေအနေမှာ ပြည်တွင်းက လုပ်ငန်းရှင်တွေကလည်း စီးပွားရေးမလုပ်ဘဲ ဘဏ်တိုးနှုန်းတွက်ပြီး ထိုင်စားနေတယ်ဆိုတဲ့ အခြေအနေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် အလားအလာအတွက် ကောင်းမွန်မှုမရှိသလို အနှစ် ၂၀ အတွင်း စင်ကာပူ စီးပွားရေးကို ကျော်တက်မယ်ဆိုတဲ့ အိပ်မက်ကိုလည်း ဘဏ်တိုးနှုန်းထိုင်စားနေတဲ့ ငွေရှိသူတွေက ပြက်ရယ်ပြုသလို ဖြစ်နေပါလိမ့်မယ်။

ဘဏ်အပ်ငွေများလို့ ဘဏ်တွေအဆင်ပြေနေပြီလား

ပြည်တွင်းဘဏ် ၂၄ ခုကို လေ့လာမယ်ဆိုရင် ဂျာမနီအခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အေဂျင်စီတစ်ခုဖြစ်တဲ့ GIZ ရဲ့ အစီရင်ခံစာတစ်ခုအရ မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပိုင်ဆိုင်မှု အများဆုံးပုဂ္ဂလိကဘဏ် ၁၀ ခုစာရင်းမှာ ကမ္ဘောဇဘဏ်က ၄၂ ရာခိုင်နှုန်း၊ ဧရာဝတီဘဏ်က ၁၄ ရာခိုင်နှုန်း၊ သမ၀ါယမဘဏ် (CB) ဘဏ်က ၁၀ ရာခိုင်နှုန်း၊ မြ၀တီဘဏ်က ခြောက်ရာခိုင်နှုန်း၊ မြန်မာ့ရှေ့ဆောင်ဘဏ်က ခြောက်ရာခိုင်နှုန်း၊ ရိုးမဘဏ်က ခြောက်ရာခိုင်နှုန်း၊ ယူနိုက်တက်အမရဘဏ်က သုံးရာခိုင်နှုန်း၊ ကမ္ဘာ့ရတနာဘဏ်က သုံးရာခိုင်နှုန်း၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်က နှစ်ရာခိုင်နှုန်း၊ မြန်မာအရှေ့တိုင်းဘဏ်က နှစ်ရာခိုင်နှုန်းနဲ့ ရပ်တည်နေပါတယ်။ ဒီဘဏ် ၁၀ ခုရဲ့ ရပ်တည်မှု အမြတ်အစွန်းကို ပြန်ကြည့်မယ်ဆိုရင် “ချေးငွေများများ ထုတ်ပေးနိုင်လေ အမြတ်အစွန်း ပိုမိုရရှိလေ” ဖြစ်နေတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းကနေ ထုတ်ပြန်တဲ့ မြန်မာ့ကူးသန်းရောင်းဝယ်ရေးဘဏ်များ၏ အနာဂတ် အလားအလာ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဒီလိုဖော်ပြခဲ့ပေမယ့် ဒီလိုအကြီးဆုံးဘဏ် ၁၀ ခုမှာကို စုစုပေါင်း ပိုင်ဆိုင်မှုအချိုးက ကွာဟလွန်းနေပြီး ထိပ်တန်းဘဏ်သုံးဘဏ်၊ အလယ်အလတ်အဆင့် သုံးဘဏ်နဲ့ အလယ်အလတ်အဆင့်အောက်မှာ ဘဏ်လေးခု ဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဒီလို အစီရင်ခံစာနဲ့အတူ ဘဏ်တွေမှာ စုဆောင်းငွေများလာလို့ ဘဏ်တွေက အဆင်ပြေနေပြီလားလို့ မေးမယ်ဆို ဘဏ်အများစုက မပြေဘူးလို့ ဖြေကြပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် NLD အစိုးရလက်ထက် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တဲ့ ချေးငွေဆိုင်ရာ စည်းမျဉ်းကြောင့် ဘဏ်အချို့ အခက်ကြုံခဲ့ပါတယ်။ မူလက ခြောက်လသတ်မှတ်ခဲ့တဲ့ ချေးငွေဆိုင်ရာစည်းမျဉ်းကို သုံးနှစ်အထိ တိုးပေးခဲ့ပေမယ့်လည်း ချေးငွေဆိုင်ရာ စည်းမျဉ်းထုတ်ပြန်ချိန်ဟာ မြန်မာနိုင်ငံမှာ အိမ်၊ ခြံ၊ မြေ ဈေးကွက်ကျဆင်းနေချိန်နဲ့ ချိန်ကိုက်ထုတ်ပြန်သလို ဖြစ်နေပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ အတွက်လည်း ချေးငွေစည်းမျဉ်းကြောင့် အခက်ကြုံခဲ့ရပါတယ်။ ပိုဆိုးတာက ဘဏ်တွေမှာ စီးပွားရေးလုပ်ငန်း စွမ်းဆောင်မှုက မဟုတ်တဲ့ အမြတ်ငွေတွေဟာ မြေ၊ အဆောက်အအုံပေါ်မှာ မူတည်နေတာမို့ ဗဟိုဘဏ်က ချိန်ကိုက်ထုတ်ပြန်ခဲ့တဲ့ သုံးနှစ်စည်းမျဉ်းကြောင့် ဘဏ်တချို့ဟာ လုပ်ငန်းရှင်တွေကို ငွေထုတ်ချေးလို့ မရတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ငွေထုတ်ချေးနိုင်မှုများလေ အမြတ်အစွန်းရမှုများလေဆိုတဲ့ အစီရင်ခံစာရလဒ်နဲ့ ပြောင်းပြန်ဖြစ်ရပ်အဖြစ် အပ်ငွေပဲ လက်ခံနေရပြီး ငွေထုတ်ချေးနိုင်မှု မရှိတော့တာဟာ ဘဏ်တချို့ကို အကျပ်အတည်း ဖြစ်စေခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ ချေးငွေစည်းမျဉ်းကြောင့် ပြင်ပလုပ်ငန်းရှင်တွေကို ငွေထုတ်ချေးလို့ မရတော့တဲ့အချိန်မှာ ဘဏ်အပ်ငွေ များနေပြီးတော့ ဘဏ်တိုးအပေါ် မှီခိုသူများလွန်းနေတာဟာ ဘဏ်တွေအတွက်တော့ ရလဒ်မကောင်းသလို ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ချေးငွေစည်းမျဉ်းဟာ မှန်ကန် ကောင်းမွန်ပေမယ့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ပျက်နေချိန်မှာ ပြန်လည်ချိန်ညှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒီလို ပြန်လည်ချိန်ညှိဖို့ မလုပ်နိုင်ရင် အပ်ငွေတွေကိုပဲ လက်ခံနေရတဲ့ ဘဏ်တချို့ဟာ အမြတ်အစွန်းရမယ့် ဘဏ်ချေးငွေကို ပြန်ပြီးတော့ ထုတ်မချေးနိုင်တာကြောင့် ဘဏ်အရှုံးပေါ်တာ၊ ဘဏ်အရှုံးပေါ်ရင် လူတွေရဲ့ ယုံကြည်မှုပျက်ပြီး မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်တာစတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် “ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်နဲ့လေး” ဆိုသလိုမျိုး ဖြစ်လာရင် မြန်မာ့စီးပွားရေးအတွက် အကျပ်အတည်းတစ်ခု ထပ်ဖြစ်စေမှာ ဖြစ်သလို လတ်တလော အခြေအနေမှာ ဘဏ်အပ်ငွေ များလွန်းနေတာဟာ ချေးငွေစည်းမျဉ်းနဲ့ အခက်ကြုံနေရတဲ့ ဘဏ်တွေအတွက်တော့ အဆင်မပြေဘူးလို့ပဲ ဆိုရမှာပါ။

စီးပွားရေး ဘာလို့မလုပ်ရဲကြသလဲ

စီးပွားရေးဘာလို့ မလုပ်ကြသလဲ မေးမယ်ဆိုရင် မလုပ်တတ်ကြတာကြောင့်ပဲလို့ ဖြေရမှာပါ။ ဒီအဖြေက မမှားဘူးဆိုတာကို NLD အစိုးရလက်ထက်မှာကို ဖြစ်ခဲ့တဲ့ ငွေကျပ်သိန်းပေါင်းသောင်းနဲ့ချီ လိမ်လည်ခံရလို့ ဖြစ်နေတဲ့ ပြဿနာတွေက သက်သေခံနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ စီးပွားရေးကို ကိုယ်တိုင်မလုပ်တတ်ချိန်မှာ အမြတ်အစွန်း များများပေးမယ်လို့ ကြေညာတဲ့ လိမ်လည်တဲ့ လုပ်ငန်းတွေမှာ အစုရှယ်ယာကို စုဆောင်းငွေတွေကနေ ၀င်ထည့်ကြတာပါ။ ကိုယ်တိုင်က စီးပွားရေး မလုပ်တတ်လို့ အစုရှယ်ယာတွေခေါ်၊ အမြတ်များများပေးတာကိုဝင်ပြီး ရင်းနှီးမြှုပ်နှံနေချိန်မှာ ကိုယ်ပိုင်လုပ်ငန်းကို ဘာကြောင့်မလုပ်ကြသလဲဆိုရင် ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့သူတွေကလည်း ယက်ကန်ယက်ကန်နဲ့ အကြွေးလည်ပင်း မြုပ်နေတာကို မြင်နေရလို့ပါ။

ဒါ့အပြင် ငွေကိုကိုင်မထားဘဲ ရှယ်ယာထည့်ချိန်မှာ အလိမ်ခံရ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့သူတွေက ရှုံးနေပြီးတော့ လုပ်ငန်းပြိုကျမသွားရုံ ရပ်တည်နေချိန်မှာ လူတွေရဲ့ ဆုံးဖြတ်ချက်က ဘဏ်ထဲမှာ ထည့်ပြီးတော့ ဘဏ်တိုးစားတာ အကောင်းဆုံးဆိုပြီး ဘဏ်တိုးမျှော်စားနေရတဲ့ ဘ၀ကိုရောက်နေသလို စစ်တမ်းတွေမှာ ယုံကြည်မှုကင်းမဲ့ခံနေရတဲ့ အစိုးရရဲ့ စီးပွားရေးစွမ်းဆောင်ရည်ကြောင့်လည်း အမှန်တကယ် လုပ်ငန်းလုပ်နေတဲ့သူတွေက ဒီအချိန်မှာ ဘာလုပ်ငန်းမှမလုပ်ဘဲ ငွေကိုင်ထားတာ အကောင်းဆုံးပဲလို့ ပြောဆိုကြတဲ့ စကားတွေကလည်း ဘဏ်တွေမှာ ငွေအပ်ပြီး ဘဏ်တိုး ထိုင်စားဖို့ဆိုတဲ့အဆင့်ကို ရောက်စေခဲ့ပါတယ်။

နောက်တစ်ချက်က အစိုးရဟာ သူ့ရဲ့ ကြိုးနီစနစ်ထဲမှာ သူ့ဘာသာ ပိတ်မိနေတာပါ။ ဥပမာပြောရရင် Showa Enterprise ကုမ္ပဏီက အခန်း ၁၀ ခန်းပဲရှိတဲ့ တည်းခိုခန်း အသေးလေးဖွင့်ဖို့ ကြိုးစားရာမှာ လေးလကျော်ငါးလကြာတဲ့အထိ လုပ်ငန်းလိုင်စင် မရခဲ့တာပါ။ ဒီလို တည်းခိုခန်း အသေးလေးကိုပဲ မြို့နယ်ထွေအုပ်၊ တခြားဌာနဆိုင်ရာတွေနဲ့ မီးသတ်က အကြိမ်ကြိမ် စစ်ဆေးတာ၊ ဒီလို စစ်ဆေးပြီးရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တင်ပြရပြီး တိုင်းရုံးကနေတစ်ဆင့် မြို့တော်စည်ပင်၊ ဟိုတယ်/ခရီးဝန်ကြီးဌာနတွေကို ပြန်လည်တင်ပို့ရတာ၊ ဟိုတယ်/ခရီးက အရာရှိတွေက ပြန်လည်စစ်ဆေးတာ၊ ပြန်လည် စစ်ဆေးပြီးတော့ တိုင်းရုံးကို စစ်ဆေးခံရပြီးကြောင်း ပြန်လည်တင်ပြရတာ၊ ဒီလိုပြန်လည်တင်ပြပြီးချိန်မှာ စည်ပင်ကတစ်ခါထပ်ပြီး မြေပြင်စစ်ဆေးမှုလုပ်တာ၊ ဒီလို မြေပြင်စစ်ဆေးမှုအပြီးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဆီကို ပြန်ရောက်သွားပြီး အစိုးရအဖွဲ့က ၀န်ကြီးရဲ့ မြေပြင်စစ်ဆေးမှုကို တစ်ခါစောင့်ဆိုင်းရတာဆိုတဲ့ အခြေအနေမျိုးပါ။ လုပ်ငန်းအသေးလေးတစ်ခုကို လေးလလောက်ကြာအောင် လူပေါင်းစုံက စစ်ဆေးပြီး ၀ိုင်းကြီးချုပ်စနစ်နဲ့ အထပ်ထပ် စစ်နေတာကိုပဲ ၀န်ကြီးက စစ်ပြီးမှ လိုင်စင်ထုတ်ပေးမယ်ဆိုတဲ့ အခြေအနေမျိုးဟာ ပြည်တွင်းစီးပွားရေးလုပ်မယ့်သူတွေကို စိတ်ပျက်စေတဲ့အချက်လည်း ဖြစ်ပါတယ်။

ဒီနေရာမှာ ဘဏ်မှာငွေအပ်ပြီး ဘဏ်တိုးနှုန်း ထိုင်စားနေတဲ့သူတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးစိုးမင်းက ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မှာ ပြည်တွင်းဘဏ်တွေကို အပ်ငွေ ကျပ်ဘီလျံ ၂၇၀၀၀ အထိရှိနေပြီး ရာခိုင်နှုန်း ၈၀ က အခြေခံနဲ့ အလယ်အလတ်တန်းစားတွေ၊ ပင်စင်စားတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အများအပြား ဆက်စပ်မှုမရှိတဲ့ ပြည်သူတွေရဲ့ အပ်ငွေတွေဖြစ်လို့ ဘဏ်တိုးနှုန်းလျှော့ချမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

တကယ်တော့ ဦးစိုးမင်းရဲ့ အဖြေက အလုံးစုံမှန်တယ်ဆိုတဲ့ အခြေအနေမှာ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် လက်ရှိစီးပွားရေးလောကထဲမှာကို မရှုံးရုံတစ်မည်ရပ်တည်နေပြီး သုံးလတစ်ကြိမ် ဘဏ်တိုးထုတ်မှ အမြတ်ရတယ်ဆိုတဲ့ အခြေအနေနဲ့ ရပ်တည်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိနေလို့ပါ။ ဒီအခြေအနေမှန်တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ ပြန်လည်သုံးသပ်ဖို့ လိုအပ်သလို ဘဏ်တိုးနှုန်းနဲ့ ရပ်တည်တဲ့ လူတန်းစားရဲ့ ဘဏ်အပ်ငွေပမာဏနဲ့ လက်ရှိဘဏ်အပ်ငွေ၊ ဘဏ်စနစ်ကို အသုံးပြုနေတဲ့ မြန်မာ့လူဦးရေ အရေအတွက်ကို ချိန်ထိုးရင်ကိုပဲ ဘဏ်တွေမှာ ငွေအပ်ထားသူတွေမှာ စီးပွားရေးလုပ်ငန်းတွေက အပ်ထားငွေတွေ အများအပြား ပါဝင်နေတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအစိုးရလက်ထက် စီးပွားရေး ဘာလို့မလုပ်ကြသလဲဆိုတဲ့ နေရာမှာ ပထမတစ်ချက်က ပွင့်လင်းမြင်သာတဲ့ အစိုးရလို့ ကြွေးကြော်နေပေမယ့် တင်ဒါတွေကို ပေးချင်တဲ့သူတွေပေးတာ၊ အတိုင်ကြားခံရရင် ပွင့်လင်းမြင်သာစွာ စစ်ဆေးမှုမရှိတာ၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ မှားယွင်းနေတာလို့ ယူဆရမယ့်အပြင် NLD အစိုးရရဲ့ အားနည်းချက်က စစ်တမ်းတွေနဲ့ လူထုအသံတွေကို ဂရုမစိုက်တာပါ။

စစ်တမ်းကောက်ခံမှု အချက် ၁၀ ချက်နဲ့ပဲ ဆုံးဖြတ်တဲ့ Doing Business ညွှန်းကိန်းတွေမှာ အားနည်းချက်ပြင်ဖို့ ဦးစားပေး လုပ်ဆောင်သင့်တာထက် DTF Score တွေ တချို့ကဏ္ဍတွေမှာ မြင့်တက်လာနေပါတယ်ဆိုတဲ့ ဆင်ခြေမျိုးတွေ မြင်နေရတာက ဆိုးရွားပါတယ်။ ပြည်တွင်းက စစ်တမ်းတွေကို ဂရုမစိုက်ရင်တောင် အမေရိကန် IRI လိုစစ်တမ်းမျိုး၊ ဥရောပအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Roland Berger လိုစစ်တမ်းမျိုးတွေဟာ သတိပြုအလေးထားပြီး ပြင်ဆင်ရမယ့် စစ်တမ်းတွေပါ။ ဒါပေမဲ့ ဒီလိုစီးပွားရေးဆိုင်ရာ စစ်တမ်းတွေကို NLD အစိုးရဟာ စနစ်တကျ ပြင်ဆင်တုံ့ပြန်နိုင်တာကို မတွေ့ရပါဘူး။ ဒီလို နိုင်ငံတကာ စစ်တမ်းတွေကို အရေးတယူ မတုံ့ပြန်ခြင်းရလဒ်က ဒီအစိုးရဟာ စီးပွားရေးကို ခြေခြေမြစ်မြစ် နားမလည်ဘူးဆိုတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ အမြင်ကို ခိုင်မာစေခဲ့ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘာ့ကြောင့်ဝင်မလာသလဲဆိုတဲ့ မေးခွန်းတိုင်းမှာ မြေဈေးကြီးတာ၊ မြေယာ ပြဿနာရှုပ်ထွေးတာ၊ မူဝါဒမှန်ကန်မှုမရှိဘဲ အပြောင်းအလဲမြန်တာ၊ လျှပ်စစ်မီးခက်ခဲတာ၊ လာဘ်ပေးလာဘ်ယူ အဂတိတရားများတာ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အခွန်သက်သာခွင့် ဆွဲဆောင်နိုင်မှု နည်းပါးတာ စတဲ့အဖြေတွေပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေအတွက် အဖြေကို နှစ်နှစ်သက်တမ်းဖြစ်လာတဲ့အထိ မရှာနိုင်သေးဘဲ Facebook မှာ ဖြစ်လာတဲ့ အခြေအနေတွေကိုပဲလိုက်ပြီး လုပ်နေသလို ဖြစ်နေတာတွေကလည်း အစိုးရကို လေ့လာနေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို တွန့်ဆုတ်စေခဲ့ပါတယ်။

တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ နိုင်ငံတစ်ခုဆီကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ၀င်မလာတာ သဘာဝကျသလို ပြည်သူတွေ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ချင်လာအောင်နဲ့ လိမ်လည်မှုတွေကို ထိထိရောက်ရောက် အရေးယူတာ၊ အသိပညာပေးမှု အားနည်းတာ၊ တရားဥပဒေစိုးမိုးရေး ကြွေးကြော်နေပေမယ့် လုပ်မပေးနိုင်သေးတာ၊ ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် လွယ်ကူတဲ့ အခြေအနေတွေ ဖန်တီးမပေးနိုင်ချိန်မှာ ဘဏ်ထဲထည့်ပြီး ဘဏ်တိုးမျှော်စားနေတဲ့ ပြည်သူတွေကို အပြစ်တင်ရမှာ မဟုတ်ဘဲ ကိုယ့်အစိုးရအဖွဲ့ရဲ့ အားနည်းချက်ကိုပဲ ဦးစားပေးပြင်ဆင်နိုင်မှ ဘဏ်ထဲကငွေထုတ်ပြီး စီးပွားရေး လုပ်ကြမယ့် ပြည်သူတွေ တိုးတက်လာပါလိမ့်မယ်။

ဘဏ်တိုးနှုန်းပြဿနာ

ယှဉ်ပြိုင်မှု အားနည်းနေတာကြောင့် လုပ်ငန်းရှင်တွေက ဘဏ်အတိုးနှုန်း လျှော့ချစေလိုမှုဟာ မှန်ကန်ပေမယ့်လည်း အပ်ငွေအတိုးနှုန်း ရှစ်ရာခိုင်နှုန်းကနေ လေး၊ ငါးရာခိုင်နှုန်းကို ချက်ချင်း လျှော့ချမယ်ဆိုရင် အန္တရာယ်ရှိနေပြီး အပ်ငွေပမာဏရဲ့ ၂၅ ရာခိုင်နှုန်း ပြန်ထုတ်ရင်ကို ဘဏ်စနစ် လှုပ်ခတ်သွားနိုင်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ (ငြိမ်း) ဦးသန်းညိန်းက သုံးသပ်ပါတယ်။

ဒီနေရာမှာ ဗဟိုဘဏ်က ဘဏ်မှာငွေအပ်သူတွေ ထိခိုက်မှာစိုးလို့ ဘဏ်တိုးနှုန်း မလျှော့နိုင်ဘူးဆိုတဲ့ ပြဿနာ၊ ဘဏ်တိုးနှုန်း လျှော့ချနိုင်ဖို့အတွက် ငွေကြေးဖောင်းပွမှုနှုန်းထားနဲ့ နိုင်ငံ့စီးပွားရေး အခြေအနေတွေကို အမြဲစောင့်ကြည့်နေပြီး သင့်လျော်တဲ့ အခြေအနေ အရပ်ရပ်ကိုရောက်မှ အတိုးနှုန်းလျှော့ချမယ်လို့ ဆိုခဲ့မှုနဲ့ ပြန်ချိန်ထိုးရမှာပါ။

ဗဟိုဘဏ်အနေနဲ့ ဘဏ်တိုးနှုန်း လျှော့ချဖို့ဆိုရာမှာ ကိန်းဂဏန်း အချက်အလက်တွေကို အားကိုးပြီး ပြောနေပေမယ့် ဒီလိုအားကိုးပြီး ပြောနေတဲ့အချက်တွေက မှန်ကန်ရဲ့လားဆိုတာကို မေးခွန်းပြန်ထုတ်ဖို့ လိုအပ်မှာ ဖြစ်သလို ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေး၊ ဘဏ်မှာ ငွေအပ်နေသူတွေမှာ လုပ်ငန်းရှင်တွေက ဘယ်လောက်ပါဝင်နေတယ်ဆိုတဲ့ အခြေအနေတွေကို အမှန်တကယ် စာရင်းကောက်ယူထားတာရှိသလား ဆိုတာကို မေးခွန်းထုတ်ရမှာပါ။ ဒါ့အပြင် ၂၀၁၆ ခုနှစ်အတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ ဂဏန်းနှစ်လုံးအဆင့်အထိ ရှိနေပေမယ့် ၂၀၁၇ ခုနှစ်ထဲမှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ လျော့ကျလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီမှာ ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တဲ့ အခြေအနေ၊ နိုင်ငံခြား ငွေလဲနှုန်းက အရင်တုန်းကလို အတက်အကျ မကြမ်းတော့ဘဲ တည်ငြိမ်နေတဲ့ အခြေအနေတွေကို မကြည့်ဘဲ မျက်စိစုံမှိတ်ပြီး ဘဏ်တိုးနှုန်း မလျှော့ဘူးအော်နေတာ ဖြစ်သင့်ရဲ့လားလို့ ပြန်လည်သုံးသပ်သင့်ပါတယ်။

နောက်တစ်ချက်က ဘဏ်တိုးနှုန်းကို လျှော့ချခြင်းဆိုတဲ့နေရာမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ (ငြိမ်း) ဦးသန်းညိန်း ထောက်ပြနေသလို ဘဏ်တိုးနှုန်းကို ထိုင်းနိုင်ငံနဲ့အပြိုင် ဘဏ်တိုးနှုန်း နှစ်ရာခိုင်နှုန်းလောက်ဆီ ခုန်ဆင်းဖို့ ပြောနေတာ မဟုတ်သလို ဘဏ်ထဲကငွေတွေ ၀ိုင်းပြီးတော့ ထုတ်ကြမယ့် ဘဏ်တိုးနှုန်းထက်ဝက်လောက်ဆင်းတဲ့ လေး၊ ငါးရာခိုင်နှုန်းလောက်အထိလည်း လျှော့ချခိုင်းနေတာ မဟုတ်ဘဲ ဘဏ်အပ်ငွေအပေါ် အတိုးနှုန်းကို လက်ရှိ ရှစ်ရာခိုင်နှုန်းကနေ ခုနစ်ရာခိုင်နှုန်းနဲ့ ဘဏ်ချေးငွေအပေါ် အတိုးနှုန်းကို လက်ရှိ ၁၃ ရာခိုင်နှုန်းကနေ ၁၁ ရာခိုင်နှုန်းကို ပြောင်းလဲပေးဖို့ပဲ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဘဏ်အပ်ငွေအပေါ် အတိုးနှုန်း ခုနစ်ရာခိုင်နှုန်းဆီ လျှော့ချခြင်းဟာ ဘဏ်မှာငွေအပ်ပြီး ငွေစုတဲ့သူတွေကို သိသာတဲ့ဆိုးကျိုးဖြစ်စေမှာ မဟုတ်တာကြောင့် ငွေစုတဲ့သူတွေ နစ်နာမှာ မဟုတ်သလို ဘဏ်ချေးငွေ အတိုးနှုန်းကို ၁၁ ရာခိုင်နှုန်းကို လျှော့ချတာကလည်း ကြားထဲမှာ ကွာဟမှုက ငါးရာခိုင်နှုန်းကနေ လေးရာခိုင်နှုန်းကို ပြောင်းလဲတာဖြစ်လို့ ဘဏ်တွေအတွက် သိသာတဲ့ဆိုးကျိုးဖြစ်လာမှာ မဟုတ်ပေမယ့် SME တွေနဲ့ ဘဏ်ကနေ ငွေချေးသူတွေအတွက်ကတော့ ၀န်ဆောင်ခတွေနဲ့ ၁၅ ရာခိုင်နှုန်းနီးပါး ကျသင့်နေတဲ့ ဘဏ်တိုးနှုန်းကနေ ခုသာခံသာတဲ့ နှုန်းတစ်ခု ဖြစ်လာစေမှာ ဖြစ်ပါတယ်။

ဒီလို ဘဏ်တိုးနှုန်းလျှော့ချရေးကို မဖြစ်နိုင်ပါဘူးဆိုပြီး မလျှော့ပေးဘဲ တင်းခံနေရင်တော့ တစ်နှစ်ထက်တစ်နှစ် ဘဏ်မှာငွေအပ်ပြီး ထိုင်စားနေတဲ့သူတွေ များလာတာပဲ အဖတ်တင်ပြီး မြန်မာ့စီးပွားရေးက ကိန်းဂဏန်းတွေမှာပဲ ကောင်းနေတဲ့ ပြဿနာဆက်ပြီး ကြုံနေရမှာပါ။

လာအိုကို ဘယ်လိုကျော်တက်မလဲ

လက်ရှိအစိုးရရဲ့ ကျန်ရှိနေတဲ့ သက်တမ်းအတွင်းမှာ လာအိုနိုင်ငံကို အမီလိုက်ဖို့ကို အလားအလာနည်းနေပြီး နာမကျန်းဖြစ်နေတဲ့ မြန်မာ့စီးပွားရေးကုစားပေးဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ပေးဖို့ စဉ်းစားသင့်တဲ့ အချက်လေးချက်ကို ကုန်သည်စက်မှု အသင်းချုပ်အကြံပေး စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က အကြံပြုခဲ့ပါတယ်။

လာအိုနိုင်ငံကို မြန်မာနိုင်ငံအနေနဲ့ အမီလိုက်နိုင်ဖို့ အလားအလာ နည်းနေတာကို ဒေါက်တာဦးမြင့်က သုံးသပ်ရာမှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အာဆီယံနိုင်ငံတွေရဲ့ လူတစ်ဦးချင်း အသားတင်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုး (Per Capita GDP) နဲ့ နှိုင်းယှဉ်တွက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၀၀ ပြည့်နှစ်မှာ လူတစ်ဦးချင်း ဂျီဒီပီ ၁၉၃ ဒသမ ၂ ဒေါ်လာနဲ့ အာဆီယံနိုင်ငံတွေမှာ နောက်ဆုံးအဆင့် ဖြစ်ခဲ့ပေမယ့် ၂၀၁၀ ပြည့်နှစ်မှာ ၉၈၇ ဒသမ ၇ ဒေါ်လာနဲ့ ကမ္ဘောဒီးယားနိုင်ငံကို ကျော်တက်ကာ အဆင့်ကိုးနေရာကို ပြန်ရောက်ခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅-၂၀၁၆ ခုနှစ်အထိ အဲဒီအဆင့်ကို ဆက်ထိန်းထားနိုင်ခဲ့ပြီး အာဆီယံအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေကို နှိုင်းယှဉ်နိုင်ဖို့ ကနဦးမှာ လာအိုကို အမီလိုက် ကျော်တက်နိုင်ရန် လိုအပ်ပါတယ်။

ဒါပေမဲ့ လက်ရှိအစိုးရ သက်တမ်းငါးနှစ်ဖြစ်တဲ့၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကနေ ၂၀၂၀-၂၀၂၁ ကာလအတွင်း ဖြစ်နိုင်မယ့် အလားအလာအရ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ တွက်ချက်မှုအရ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံဟာ လူတစ်ဦးချင်းဂျီဒီပီ ၁၈၂၃ ဒေါ်လာ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ လာအိုနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့သည့် တစ်ဦးချင်းဂျီဒီပီကကို ၂၁၄၉ ဒေါ်လာဖြစ်နေတာကြောင့် မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ခန့်မှန်းသလို လူတစ်ဦးချင်းဂျီဒီပီ ၁၈၂၃ ဒေါ်လာရရင်ကို လာအိုရဲ့ ၂၀၁၅ ခုနှစ် ဂျီဒီပီထက် နည်းနေတာကြောင့် လာအိုနိုင်ငံကို အမီလိုက်ဖို့ ခဲယဉ်းတဲ့ အနေအထား ဖြစ်နေတယ်လို့ ဒေါက်တာဦးမြင့်က သုံးသပ်ခဲ့တာပါ။

မြန်မာနိုင်ငံဟာ ဂျီဒီပီတိုးတက်မှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်နေပေမယ့် တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ ပုံမှန်တိုးတက်မှုနှုန်းကို လိုက်မီဖို့ကို လွယ်ကူတဲ့အခြေအနေမှာ မရှိပါဘူး။ မြန်မာနိုင်ငံ တိုးတက်နေသလို တစ်ဖက်မှာလည်း လာအိုနိုင်ငံက ဆက်လက်တိုးတက်နေမှာ ဖြစ်သလို လက်ရှိအချိန်မှာ မြန်မာနိုင်ငံက ခရိုနီကြီးတွေက လာအိုနိုင်ငံဆီ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ပေမယ့် မြန်မာနိုင်ငံကတော့ လာအိုနိုင်ငံဆီကနေကို လျှပ်စစ်ပြန်ဝယ်ရတော့မယ့် အခြေအနေ ဆိုက်ရောက်နေပြီ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဟာ လာအိုနိုင်ငံကို ကျော်တက်ဖို့ဆိုရင် လက်ရှိတိုးနေတယ်ဆိုတဲ့ အာဆီယံမှာ အမြင့်ဆုံးဆိုတဲ့ အတိုးနှုန်း ရှစ်ရာခိုင်နှုန်းလောက်နဲ့ အနှစ် ၂၀ လောက် ဆက်တိုက်တိုးနေမှပဲ ကျော်တက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကျော်တက်နိုင်တယ်ဆိုရင်တောင် မြန်မာနိုင်ငံဟာ အာဆီယံမှာ စင်ကာပူ၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်း စတဲ့နိုင်ငံတွေကို ကျော်တက်နိုင်မယ့် အခြေအနေမှာ မရှိသေးပါဘူး။ မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်ကို ဂျီဒီပီတိုးနှုန်း ရှစ်ရာခိုင်နှုန်းလောက်တောင် ပုံမှန်မရှိတဲ့အချိန်မှာ၊ ခန့်မှန်းမှုတွေထက်တောင် တိုးနှုန်းလျော့ကျနေချိန်မှာ အနှစ် ၂၀ အတွင်း စင်ကာပူ စီးပွားရေးကို ကျော်တက်မယ်ဆိုတာ ဘယ်လိုမှဖြစ်နိုင်ဖို့ မရှိပါဘူး။ စင်ကာပူကို ကျော်တက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်သလို လာအိုနိုင်ငံကို ကျော်တက်ဖို့ဆိုတာကလည်း လက်ရှိခန့်မှန်းထားတဲ့ ဂျီဒီပီတိုးနှုန်း ခုနစ်ရာခိုင်နှုန်းနဲ့ ဘဏ်တိုးနှုန်း မလျှော့နိုင်တဲ့ ဂယက်၊ ဘဏ်အပ်ငွေမှီခိုမှုနဲ့ စီးပွားရေး မလုပ်တဲ့တိုင်းပြည်တစ်ခုဟာ ကျော်တက်ဖို့ မဖြစ်နိုင်တာ တွေ့ရှိရမှာဖြစ်ပြီး ဒီလိုအခြေအနေတွေကို အမြန်ဆုံး သုံးသပ်ပြင်ဆင်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာ ဖြစ်ပါတယ်။

ဖြိုးဝေ
Eleven Media Group

0 comments:

Post a Comment