Friday, April 13, 2018

မောင်တောမြို့နယ်တွင် ည မထွက်ရအမိန့် အချိန်ပြင်ဆင်သတ်မှတ်


မောင်တောမြို့နယ်တွင် ၂၀၁၇ သြဂုတ် ၂၅ ရက်ကဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်ကို အချိန်ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရသည်။

မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ အမိန်အအမှတ် (၁/၂၀၁၈)ဖြင့် ထုတ်ပြန်ထားသော ညနေ(၁၈း၀၀)နာရီမှ နောက်တနေ့ နံနက် (၀၆း၀၀) နာရီအချိန်ထိ ညမထွက်ရအမိန့်ကို ဧပြီ ၁၂ ရက်တွင် အမိန့်အမှတ် (၂/၂၀၁၈) ဖြင့် ည(၂၁း၀၀)နာရီမှ နောက်တနေ့ နံနက်(၀၅း၀၀)နာရီအချိန်ထိ ပြင်ဆင်သတ်မှတ်လိုက်သည်။

ယခုချိန်တွင် နယ်မြေတည်ငြိမ်းအေးချမ်းမှုရှိလာပြီဖြစ်သော်လည်း တရားဥပဒေစိုးမိုးမှုရရှိစေရေးအတွက် တပ်မတော်နှင့်လုံခြုံရေးအဖွဲ့အစည်းများမှ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်သည့်အတွက် ဒေသ၏ဖွံဖြိုးတိုးတက်မှု၊ လွတ်လပ်စွာဆက်သွယ်သွားလာမှု ကန့်သတ်ချက်များအပြင် စားဝတ်နေရေးကိစ္စရပ်များအပေါ် အထိုက်အလျောက် ထိခိုက်မှုရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ပုဒ်မ ၁၄၄ အရ မောင်တောမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့  သွားရာလမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်)အများပြည်သူနှင့်ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် (၅)ဦး(သို့မဟုတ်) (၅)ဦးထက်ပို၍ စုဝေးခြင်းကို တားမြစ်ထားပြီး ယခုအချိန်ပြင်ဆင်သတ်မှတ်ချက်သည် ဧပြီ ၁၂ ရက်မှ (၂)လပြည့်မြောက်သည်အထိ အတည်ပြုကြောင်း မောင်တောမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း လိုက်လံသတိပေးကြေညာခဲ့ကြောင်း သတင်းရရှိသည်။



မယ်သဇင်ခိုင်
News Watch 

0 comments:

Post a Comment