Thursday, April 19, 2018

ဒေသအလိုက် နေ့အပူချိန်များ မြင့်တက်လာပြီး ဧပြီလဒုတိယပတ်အတွင်း ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် Heat Stroke ဖြစ်ပွားသူနှစ်ဦးအနက် တစ်ဦး သေဆုံး


ဒေသအလိုက် နေ့အပူချိန် တဖြည်းဖြည်း မြင့်တက်လာပြီး ဧပြီလဒုတိယပတ်အတွင်း ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အပူလျှပ်၍ သတိလစ်ခြင်း (Heat Stroke) ဖြစ်ပွားသူနှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့ကြောင်း ကုသရေးဦးစီးဌာန(နေပြည်တော်)မှ ရရှိသည့် အချက်အလက်များအရ သိရသည်။

“ကျွန်တော်တို့ဆေးရုံတွေကို အကြောင်းကြားထားတာက အပူဒဏ်ကြောင့် အတွင်းလူနာရောက်လာရင် ကုသရေးဦးစီးဌာနကို တင်ပြပေးဖို့ ပြောထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ၂၃ ရက်ကစပြီး ညွှန်ကြားထားပါတယ်။ အခုလက်ရှိအထိ တိုင်းဒေသကြီး ပြည်နယ်အားလုံးမှာ လူနာနှစ်ဦး ရှိပါတယ်။ တစ်ဦးက ဧပြီ ၁၀ ရက်က ပဲခူးတိုင်း၊ ကုသရေးဦးစီးဌာနက တင်ပြလာတာပါ။ အမျိုးသားလူနာ၊ အရက်သောက်ထားတဲ့လူနာ၊ ဆေးရုံကို သတိလစ်ပြီး ရောက်လာတယ်။ အပူချိန်ကလည်း ၁၀၅ လောက်ရှိနေတော့ Heat Stroke ခံစားနေရတဲ့လူနာပေါ့။ ဆေးကုသမှုခံယူလိုက်တဲ့ အခါမှာ သတိပြန်ရပြီး နေပြန်ကောင်းသွားတယ်။ အဲဒါက သနပ်ပင်ဆေးရုံကပါ။ နောက်တစ်ဦးကတော့ ဧရာဝတီတိုင်းဒေသကြီးကပါ။ အမျိုးသားလူနာပါပဲ။ 

သင်္ကြန်မှာ အရက်သောက်၊ ရေကစားပြီး Heat Stroke ဖြစ်ပြီး ဆုံးသွားတာပါ။ ကျွန်တော်တို့ ကုသရေးအနေနဲ့ ဆေးရုံတွေမှာ အပူဒဏ်ကြောင့်ဖြစ်တဲ့ လူနာတွေ တက်ရောက်ကုသနိုင်ဖို့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ကြိုတင် ပြင်ဆင်ဖို့လည်း ဆေးရုံတွေကို နှစ်စဉ်ညွှန်ကြားပါတယ်။ အပူဒဏ်ကြောင့်ဖြစ်တဲ့ လူနာတွေရောက်လာရင် ကုရမယ့် ကုထုံးတွေကို ၂၀၁၆ ခုနှစ်ကတည်းက ဆေးရုံတွေကို ဖြန့်ဝေထားတယ်။ နောက်တစ်ခုက လိုအပ်မယ့် ဆေးဝါးတွေကို လူနာရောက်ရှိနိုင်တဲ့ အလားအလာကို ခန့်မှန်းပြီးတော့ ဆေးဝါးတွေ ပြည့်စုံအောင် ဖြည့်ဆည်းထားပါတယ်။ အပူကြောင့်ဖြစ်တဲ့လူနာက တခြားလူနာတွေနဲ့ မတူတဲ့အတွက် ထားရှိရမယ့်နေရာတွေကို ဆေးရုံအလိုက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ ဆရာဝန်သူနာပြုတွေအနေနဲ့ ဆေးကုသတဲ့အခါ အဆင်ပြေကျွမ်းကျင်မှုရှိအောင် စနစ်တကျ လေ့ကျင့် သင်ကြားပေးတာတွေကိုလည်း ပြုလုပ်ထားပါတယ်” ဟု နေပြည်တော် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးခိုင်က ပြောကြားသည်။

ရာသီဥတု ပူပြင်းခြင်းကြောင့် လေးနှစ်အောက်ကလေးများနှင့် အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများမှာ အပူဒဏ်ကြောင့် မေ့လဲခြင်း (Syncope Due Heat)၊ အပူကြောင့် ခြေလက်ရောင်ရမ်းခြင်း (Heat Oedema)၊ အပူကြောင့် ကြွက်တက်ခြင်း (Heat Cramps)၊ အပူကြောင့် အားအင်ကုန်ခမ်းချည့်နဲ့ခြင်း (Heat Exhaustion) နှင့် အပူကြောင့် ချွေးမထွက်ဘဲ သတိလစ်မေ့မြောသည့် (Heat Stroke) တို့ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

Heat Stroke ကြောင့် ခန္ဓာကိုယ်၏ အပူချိန်ညှိမှု ပျက်စီးသွားခြင်းကြောင့်ဖြစ်ပြီး အပူရှိန် မြင့်တက်လာသည့်အခါ လူ့ခန္ဓာကိုယ်၏ အပူချိန်သည် ၁၀၅ ဖာရင်ဟိုက် (၄၀ ဒသမ ၅ ဆဲလ်စီးယပ်စ်)အထိ ရောက်ရှိလာပြီး ဦးနှောက်နှင့် အခြားအင်္ဂါအစိတ်အပိုင်းများကို ထိခိုက်စေကြောင်း သိရသည်။

ဧပြီ ၁၉ ရက်က မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ နေ့အပူချိန်များမှာ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် ငါးဒီဂရီစင်တီဂရိတ်မှ ခြောက်ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် သုံးဒီဂရီ စင်တီဂရိတ်မှ လေးဒီဂရီစင်တီဂရိတ် အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် နှစ်ဒီဂရီစင်တီဂရိတ်ပိုကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်ခန့်သာရှိကြောင်းနှင့် ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၃ ဒီဂရီ စင်တီဂရိတ်၊ မကွေးမြို့နှင့် ပေါက်မြို့တို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်စီနှင့် ဘော်လခဲမြို့တွင် ၄၀ ဒီဂရီ စင်တီဂရိတ်တို့ရှိကြောင်း သိရသည်။

အိသဉ္ဇာကျော်
Eleven Media Group

0 comments:

Post a Comment