နိုင်ငံတော်အစိုးရက ပြည်တွင်းမွေးမြူရေးကဏ္ဍရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ( SME) ကို အတိုးနည်းချေးငွေများ ပေးနေသော်လည်း ချေးငွေအလွယ်တကူမရရှိသဖြင့် ချေးငွေရရှိရန် လိုအပ်သည့်အကူအညီများကို နိုင်ငံတော်အနေနှင့် ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
“ဒီချေးငွေရဲ့ ကန့်သတ်ချက်တွေ၊ ချေးလို့ရမယ့် သက်ဆိုင်ရာ အကောင်အထည်ဖော်မယ့် ဘဏ်တွေရဲ့ လမ်းညွှန်မှုက လုပ်ငန်းရှင်တွေသွားပြီး ချဉ်းကပ်ကြည့်တဲ့အခါ တော်တော်ကို ခက်ခဲတဲ့ ချေးငွေကြီးဖြစ်နေတယ်။ ရဖို့မလွယ်တဲ့ ချေးငွေဖြစ်နေတယ်” ဟု ဦးဝင်းကြိုင်က ဆိုသည်။
နိုင်ငံတော်အနေနှင့် ပြည်တွင်းရှိ ငါး၊ ပုစွန်မွေးမြူရေးကဏ္ဍရှိ SME လုပ်ငန်းများသို့ ကျပ်ငွေဘီလီယံ ၁၀၀ ခန့် ထုတ်ချေးရန် ထုတ်ပြန်ခဲ့သော်လည်း ငွေထုတ်ချေးမည့်ဘဏ်များက မြေယာပိုင်ဆိုင်မှုပုံစံ လန/၃၉ (လက်ရှိမြေယာပိုင်ဆိုင်မှုပုံစံ လယ/၃၀) ရရှိထားသည့် မြေယာများကိုသာ အတိုးနည်းချေးငွေထုတ်ချေးမည်ဟု သတ်မှတ်ထားသဖြင့် မွေးမြူရေးလုပ်ငန်းရှင်များအတွက် အခက်အခဲကြုံတွေ့နေရကြောင်း ၄င်းက ပြောသည်။
“ဘဏ်တွေက သတ်မှတ်တာ မမှားပါဘူး။ ဘာကြောင့်လဲဆိုရင် ချေးငွေတစ်ခုချေးမယ်ဆိုရင် သူတို့က ခိုင်မာတဲ့ အာမခံပစ္စည်း တောင်းတဲ့အခါမှာ ဒီဘက်က တင်ပြနိုင်တဲ့ ငါး၊ ပုစွန်ကန်တို့ဆိုတာ ခိုင်မာတဲ့အာမခံချက်မဟုတ်ဘူး။ ငါး၊ ပုစွန်ကန်တွေကို ဥပဒေအရ ခိုင်မာတဲ့ အာမခံကြီးဖြစ်အောင် အခွင့်အရေးတွေ ပေးဖို့လိုပါတယ်။ မြေယာတန်ဖိုးပေါ်မှာ မူတည်ပြီး ထိုက်သင့်တဲ့ ချေးငွေပေးတဲ့ အဆင့်အထိ ရောက်အောင် အစိုးရဘက်က ဘဏ်တွေကို ပြောပေးရမယ်။ အခုက လန/၃၉ ရှိရင်လည်း တစ်ဧကကို ၃ သိန်း၊ ၄ သိန်းထက် ပိုမချေးဘူး။ လန/၃၉ ထုတ်ပေးပြီးရင်လည်း အဲဒီလို ချေးပေးလို့လည်း အဆင်မပြေဘူး။ ဒါကိုပါ လုပ်ပေးရမယ်” ဟု ဦးဝင်းကြိုင်က ဆက်လက်ပြောကြားသည်။
ပြည်တွင်းရှိ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသည့် မြေယာများအနက် လန/၃၉ ပိုင်ဆိုင်မှုပုံစံ ရရှိထားသည့် မြေဧပေါင်း ၁၀၈၀၀၀ ခန့်ရှိပြီး လန/၃၉ ပိုင်ဆိုင်မှုပုံစံ မရရှိသည့် မြေဧပေါင်း ၃၇၀၀၀၀ ခန့်ရှိကြောင်း၊ ရောင်းချပေါင်နှံနိုင်ခြင်း၊ လွှဲပြောင်းနိုင်ခြင်း၊ အမွေပေးနိုင်ခြင်းများ လုပ်ဆောင်နိုင်သည့် လန/၃၉ ပိုင်ဆိုင်မှုမရှိသည့် မြေအများစုမှာ မြေယာပိုင်ဆိုင်မှု ပုံစံ (၇) သာရရှိထားကြောင်း သိရသည်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၏ လျောက်ထားတင်ပြမှုကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းရှိ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အဆင်ပြေစေရန်အတွက် လန/၃၉ မြေယာပိုင်ဆိုင်မှုပုံစံ မရရှိသေးသည့် ငါး၊ ပုစွန် မွေးမြူရေးကန်များကို အဆိုပါ မြေယာပိုင်ဆိုင်မှုပုံစံ ထုတ်ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ဦးဝင်းကြိုင်ကဆိုသည်။
သင်းသင်းလှိုင် (အကုန်သိသတင်းဌာန)
0 comments:
Post a Comment