Wednesday, April 18, 2018

တစ်လလျှင်ကျပ်တစ်သောင်း ထောက်ပံ့နေသော လူမှုရေးပင်စင် အသက်ရှစ်ဆယ်ကျော် အဘိုးအဘွားများ ရရှိတော့မည်


ယခင်က အသက်ကိုးဆယ်အထက်ရှိသော အဘိုးအဘွားများကို သာ လူမှုရေးပင်စင် အဖြစ် တစ်လလျှင် ကျပ်တစ်သောင်းထောက်ပံ့နေရာမှ ယခုအခါတွင် အသက် ရှစ်ဆယ်ကျော် အဘိုးအဘွားများပါ ထောက်ပံ့ကြေး ရရှိတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကေသီကျော်က ပြောသည်။

တစ်လလျှင် ကျပ်တစ်သောင်းဖြင့် သုံးလတစ်ကြိမ် လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပေးလျက်ရှိသော အသက် ကိုးဆယ်အထက် လူမှုရေး ပင်စင်အား မကြာမီ အသက်ရှစ်ဆယ် အထက်ထိ လျော့ချကာ ထောက်ပံ့ကြေးများ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီနှစ်ဘတ်ဂျက်ထဲမှာတော့ လောလောဆယ် အသက်ကိုးဆယ် အထက်ဘဲ ပေးနေတုန်းပေါ့။မကြာခင်တော့ အသက်ရှစ်ဆယ်ငါး အထိ လူမှုရေးပင်စင်ထောက်ပံ့ကြေးကို ပေးအပ်သွားမှာပါ။ ဒါက ရန်ကုန်တိုင်းတစ်ခုထဲ ပေးနေတာမဟုတ်ပါဘူး။ ပြည်နယ်နဲ့တိုင်းအားလုံးက ဘိုးဘွားတွေကိုပေးနေတာပါ''ဟု ဒေါက်တာကေသီကျော်က ပြောသည်။

မြန်မာနိုင်ငံတွင်အသက်ကြီးရင့်သူများကိုအိုပယ်ဟုခေါ်ဆိုကြောင်း အသက်ကြီးလျှင် အလုပ်မလုပ်နိုင်ဟုဆိုကာသားသမီးများပင် ရှောင်ကြဉ်ကြောင်း ၄င်းအချက်များသည် စိတ်တွင်းခံစားရကြောင်း သက်ကြီးဆရာဝန်များစင်တာတွင် ဆွေးနွေးမှုများအရ သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် လူမှုရေးပင်စင်ရသော အသက်ကိုးဆယ်အထက် ဘိုးဘွားငါးထောင်ကျော်ရှိကြောင်း သိရသည်။

ထို့အပြင် စွန့်ပစ်ခံထားရသည့် ဘိုးဘွားများကိုလည်း ဂေဟာများနှင့် မှော်ဘီဝါးနက်ချောင်းတို့တွင် နေထိုင်နိုင်ရန် စီစဉ် ဆောင်ရွက်ပေးနေကြောင်း၊ အထောက်အပံ့ အကူအညီများလည်း ပေးနေကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးရွယ်အိုနှင့်ပတ်သက်သည့် မူဝါဒရေးဆွဲပြီးစီးပြီဖြစ်ပြီး ပြဋ္ဌာန်းရန်သာ ရှိတော့ပြီး အဆိုပါ မူဝါဒ၌ ကျန်းမာသက်ရှည်သော သက်ကြီးရွယ်အိုများ ဖြစ်လာရေး၊ ပတ်ဝန်းကျင်တွင် အမှီအခိုကင်းစွာ သွားလာရေးစသည်တို့ ပါဝင်ကြောင်း သိရသည်။

မင်းသီဟန် 
AKonThi

0 comments:

Post a Comment