Monday, April 9, 2018

ရခိုင်ပြည်နယ်ရှိ အသိုက်အ၀န်းများအားလုံးအပေါ် အစိုးရ၏ဆောင်ရွက်ချက်များတွင် အကူအညီများ ပေးအပ်နိုင်ရန်အတွက် UNDP ၊ UNHCR တို့နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးရေး အဆိုပြုထားကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပြောကြား


ရခိုင်ပြည်နယ်ရှိ အသိုက်အ၀န်းများ အားလုံးအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖန်တီးပေးနိုင်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး အစိုးရ၏ဆောင်ရွက်ချက်များတွင် အကူအညီများ ပေးအပ်နိုင်ရန်အတွက် UNDP ၊ UNHCR တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ် လက်မှတ်ရေးထိုးရေး အဆိုပြုထားကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ ဧပြီလ ပထမပတ်အတွင်းက ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈) ကြိမ်မြောက် ၀န်ကြီးအဆင့် နှစ်လယ်ညီလာခံ၌ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုမြှင့်တင်ရေးခေါင်းစဉ် ဖြင့်ကျင်းပသည့် အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်တွင် မိန့်ခွန်းပြောကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဧပြီ ၉ ရက်က ထုတ်ပြန်ချက်အရ သိရသည်။

အစိုးရအနေဖြင့် ကြက်ခြေနီလှုပ်ရှားမှု၊ အာဆီယံ AHA Centre ၊ WFP နှင့် FAO တို့မှတစ်ဆင့် အထိခိုက်ခံအသိုက်အ၀န်းများ အားလုံးအတွက် လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရန် ထိရောက်သည့် ယန္တရားတစ်ခုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ အသိုက်အ၀န်းများအားလုံးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးတို့နှင့်ပတ်သက်၍ အစိုးရ၏ ဆောင်ရွက်ချက်များတွင် အကူအညီများ ပေးအပ်နိုင်ရန်အတွက် UNDP ၊ UNHCR တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ် လက်မှတ်ရေးထိုးရေး အဆိုပြုထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးသူများအား ဆောလျင်စွာ ပြန်လည်ခေါ်ယူရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှစတင်ပြီး သဘောတူညီချက်များ အဆင့်ဆင့်လက်မှတ်ရေးထိုးခဲ့ပြီး ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ နှစ်နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ လက်ခံရရှိသည့် ပုံစံများသည် နှစ်နိုင်ငံအကြား မူလက သဘောတူညီထားပြီးဖြစ်သည့် ပုံစံများနှင့် ကွဲလွဲနေသော်လည်း မြန်မာနိုင်ငံဘက်မှ စိစစ်အတည်ပြုနိုင်သည့် လူစာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်ပေးပို့ထားပြီးဖြစ်ကြောင်း၊ စိစစ်ပြီးသူများကို အချိန်မရွေး ပြန်လည်လက်ခံသွားရန် မြန်မာဘက်မှ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ၀န်ကြီးဦးကျော်တင်က ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မြန်မာအစိုးရအနေဖြင့် ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ၌ ၀န်ကြီးအဆင့်ကော်မတီ၊ ပြည်တွင်းပြည်ပမှ ထင်ရှားသည့် ပုဂ္ဂိုလ်များပါဝင်သည့် အကြံပေးအဖွဲ့၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) တို့ကိုဖွဲ့စည်း၍ အကောင်အထည်ဖော်လျက်ရှိကြောင်း ဦးကျော်တင်က ဆိုသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အမှန်စင်စစ်အားဖြင့် ရခိုင်ပြဿနာသည် သတင်းမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်နေကြသကဲ့သို့ ဘာသာရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုမဟုတ်ဘဲ တရားမ၀င် ၀င်ရောက်မှု၊ သဘာဝသယံဇာတများ ပိုင်ဆိုင်နိုင်ရေး ပြိုင်ဆိုင်ကြိုးပမ်းမှု၊ ဆင်းရဲနွမ်းပါးမှု၊ နိုင်ငံသားဖြစ်မှုပြဿနာ၊ တရားဥပဒေစိုးမိုးမှုနှင့် နိုင်ငံတော်လုံခြုံရေးတို့ ပါဝင်ပတ်သက်နေသည့် နိုင်ငံရေး၊ စီးပွားရေးပြဿနာသာဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့်အသိုက်အ၀န်း များအားလုံးအတွက် ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေနိုင်မည့် ရေရှည်တည်တံ့သည့် အဖြေတစ်ခုရရှိရေးကို အပြည့်အ၀ ကတိက၀တ်ပြုထားကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မျိုးမင်းထက်
Eleven Media Group

0 comments:

Post a Comment