Monday, April 9, 2018

ထိုင်းနိုင်ငံတွင် မော်တော်ယာဉ်မီးလောင်ကာ သေဆုံးခဲ့သော မြန်မာအလုပ်သမားများအတွက် သက်ဆိုင်ရာကုမ္ပဏီ၊ ၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးက ကရုဏာကြေးပေးအပ်



ထိုင်းနိုင်ငံတွင် မော်တော်ယာဉ်မီးလောင်ကာ ထိခိုက်သေဆုံးခဲ့သော မြန်မာအလုပ်သမားများအတွက် သက်ဆိုင်ရာကုမ္ပဏီ၊ ၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးက ဧပြီ ၉ ရက်က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ကရုဏာကြေးပေးအပ်ခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

Stars Pioneer ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ထိုင်းနိုင်ငံရှိ Tommy ကုမ္ပဏီသို့ နှစ်နိုင်ငံ သဘောတူညီချက် MoU အရ သွားရောက် အလုပ်လုပ်ကိုင်သော မြန်မာအလုပ်သမားများမှာ ၂၀၁၈ ခုနှစ် မတ် ၃၀ ရက်တွင်  လုပ်ငန်းခွင်သို့ သွားရောက်စဉ် မဲဆောက်မြို့အလွန် တောင်ပေါ်မှ အဆင်းလမ်းတွင် မော်တော်ယာဉ် မီးလောင်ကျွမ်းခဲ့သဖြင့် အလုပ်သမား ၂၀ မီးလောင်သေဆုံးခဲ့ပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အလုပ်သမားများအတွက် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စုစုပေါင်း ၈,၈၁၅,၀၀၀ ကျပ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ငွေကျပ် ၆၃သိန်း၊  မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ငွေကျပ် ၈၁ သိန်းတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ အလုပ်သမားများကိုစေလွှတ်သည့် Stars Pioneer ကုမ္ပဏီမှ သေဆုံးသူ အလုပ်သမားတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီ၊ Migrant Worker Rights Network ၊ အနှိုင်းမဲ့ နာရေးကူညီမှုအသင်းနှင့် မဟာကရုဏာ စာကြည့်တိုက်တို့မှ တစ်ဦးလျှင် ကျပ် ၆၉၀၀၀ စီ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူအလုပ်သမားများအတွက် တစ်ဖက်နိုင်ငံမှ လျော်ကြေးငွေရရှိရေးအတွက် ဆောင်ရွက်ရန် အလုပ်သမားသံ အရာရှိများကို ညွှန်ကြားထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“ဘာကြောင့် မီးလောင်တာလဲဆိုတာတော့ အဖြေတော့မသိသေးဘူး။ သို့သော် စုံစမ်းစစ်ဆေးနေပါတယ်။ လွတ်လာတဲ့ အလုပ်သမားတွေ ပြောကြားချက်အရ  မီးကတော့ ရုတ်တရက်ကြီး ထလောင်တာဖြစ်တဲ့အတွက် ညလည်း အိပ်မောကျနေတဲ့ အချိန်ဖြစ်တဲ့အတွက် ဆင်းပြေးဖို့အချိန်လည်း မရလိုက်ကြဘူး။ ဒရိုင်ဘာနားက အပေါက်နားနီးတဲ့သူတွေတချို့လောက်ပဲ အောက်ကိုရောက်သွားနိုင်တယ်လို့ ပြောကြပါတယ်။  ဒါနဲ့ပတ်သက်လို့ မောင်းတဲ့ဒရိုင်ဘာကိုလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြာသည်။

“၀န်ကြီးအနေနဲ့လည်း ထိုင်းနိုင်ငံက တာဝန်ရှိပုဂ္ဂိုလ်တွေကို နောင်ဒီလိုဖြစ်စဉ်တွေ မဖြစ်အောင် အလုပ်သမားတွေခေါ်တဲ့ ကားတွေကို စနစ်တကျဖြစ်အောင် ထိန်းသိမ်းဖို့ ဒါလေးတွေကို ကြပ်မတ်ပေးဖို့ မှာခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် သေဆုံးသူအလုပ်သမားများအတွက် တစ်ဖက်နိုင်ငံမှ လျော်ကြေးငွေရရှိရေးအတွက် ဆောင်ရွက်ရန် အလုပ်သမားသံ အရာရှိများကို ညွှန်ကြားထားကြောင်း၊ ဒဏ်ရာရရှိသည့် အလုပ်သမားများကိုလည်း ပျောက်ကင်းသည်အထိ ဆေးကုသမှုခံယူနိုင်စေရန် အဖွဲ့အစည်းအသီးသီးသို့ ညွှန်ကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၏ ပြောကြားချက်အရ သိရသည်။

နေရိုင်း၊ ကျော်မျိုး
Eleven Media Group

0 comments:

Post a Comment