Tuesday, July 3, 2018

ထိုင်းကျောက်ဂူထဲက လူငယ်တွေ ဂူအပြင်ပြန်ရောက်ဖို့ လနဲ့ချီ ကြာမြင့်နိုင်တယ်လို့ဆို


ကျောက်ဂူထဲ ပိတ်မိနေတဲ့ လူငယ်တွေကို ကယ်ထုတ်ဖို့ နောက်ထပ် လနဲ့ချီ အချိန်ယူကောင်း ယူရနိုင်တယ်လို့ ထိုင်းစစ်တပ်က မှတ်ချက်ပေးခဲ့ပါတယ်။

မယ်ဆိုင်မှာ ၉ ရက်ကျော်ကြာ ပျောက်ဆုံးခဲ့တဲ့ အပျော်တမ်း ဘောလုံးအသင်း တစ်သင်းက လူငယ် ကစားသမား ၁၂ ဦးနဲ့ နည်းပြတို့ကို ဇူလိုင်လ ၂ ရက် ညပိုင်းမှာ ကယ်ဆယ်ရေး ရေငုပ်သမားတွေက ရှာတွေ့ခဲ့ကြပါတယ်။ အခုတော့ ရှာဖွေရေး လုပ်ငန်းစဉ်တွေ ပြီးဆုံးပြီး ကယ်ဆယ်ရေး ကဏ္ဍကို အစပြုနေပါပြီ။

လူငယ်တွေ အားလုံး အသက်ရှင်ခဲ့ပေမယ့် အာဟာရ ပြတ်လပ်ပြီး အရမ်း အားနည်းနေဆဲ ဖြစ်ပါတယ်။ သူတို့ကို ဂူထဲမှာပဲ ထားရှိပြီး ရှေးဦးသူနာပြု နည်းလမ်းတွေနဲ့ စောင့်ရှောက် ကုသပေးနေပြီး အာဟာရ ပြန်လည် ဖြည့်တင်းပေးနေပါတယ်။

ဒါပေမဲ့ ရေလွှမ်းနေတဲ့ ဥမင်တွေကို ဖြတ်ပြီး ဂူဝကို ပြန်သွားဖို့အတွက် လူငယ်တွေက ရေငုပ်နည်းတွေ သင်ယူဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်လည်း မိုးရာသီ ကုန်ဆုံးပြီး ဂူထဲက ရေတွေကို အပြီးသတ် စုပ်ထုတ်နိုင်တဲ့ အချိန်ထိ လက်ရှိ နေရာမှာပဲ ဆက်နေရဖွယ် ရှိနေပါတယ်။

ဒါကြောင့် လူငယ်တွေ ဂူအပြင်ထိ ပြန်ရောက်ပြီး မိသားစုတွေနဲ့ ပြန်ပေါင်းဆုံနိုင်ဖို့ အနည်းဆုံး တစ်လလောက် ကြာကောင်း ကြာသွားနိုင်တယ်လို့ စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

ရေလွှမ်းနေတဲ့ ဂူအတွင်းပိုင်းက ကုန်းမြင့်တစ်ခုမှာ စုဝေးနေကြတဲ့ လူငယ်တွေကို ထိုင်းရေတပ် ကွန်မန်ဒိုတွေနဲ့အတူ ပူးပေါင်း အလုပ်လုပ်နေတဲ့ ဗြိတိန် ကယ်ဆယ်ရေး ရေငုပ်သမား နှစ်ယောက်က စတင် တွေ့ရှိခဲ့တာပါ။

ချက်ချင်းပဲ ထိုင်းကွန်မန်ဒိုတွေနဲ့ ပူးပေါင်းပြီး လူငယ်တွေကို ကူညီဖို့ ဆောင်ရွက်ခဲ့ပါတယ်။ မှောင်မည်းနေတဲ့ ဂူထဲမှာ ဓာတ်မီးရောင်နဲ့ ရှာတွေ့တဲ့အချိန် သူတို့အားလုံး အရမ်း ဆာလောင်နေကြတယ်လို့လည်း ဆိုပါတယ်။

ရေငုပ်သမားတွေက လူငယ်တွေကို သူတို့ ခဏစောင့်ဖို့ လိုကြောင်း၊ ဒါပေမဲ့ တခြားသူတွေနဲ့အတူ ချက်ချင်း ပြန်လာမှာဖြစ်ကြောင်း ရှင်းပြတော့ လူငယ်တစ်ယောက်က မနက်ဖြန် ပြန်ဆုံမယ်လို့ နှုတ်ဆက်ခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ လူငယ်တွေရဲ့ ကာယကြံ့ခိုင်မှုနဲ့ ခွန်အားပြည့်ဖြိုး ကျန်းမာလာမှုကို ဦးစားပေး ဖြည့်တင်းကူညီဖို့ စီစဉ်နေဆဲလို့လည်း သိရပါတယ်။

7Day

0 comments:

Post a Comment