၂၁ ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေးဖွင့်ပွဲနေ့ မိန့်ခွန်းပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပထမဦးဆုံးအကြိမ် မာမာထန်ထန်စကားများကို ပြောကြားသွားသည်ကို သတိပြုမိပါသည်။
လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရခြင်းရဲ့ မူလဇာစ်မြစ်မှာ ကိုလိုနီခေတ်ဗြိတိသျှနယ်ချဲ့တို့လက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုကြောင့် နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးကွဲပြား ခြားနားမှုတွေကြောင့် ဖြစ်ခဲ့သည်ဟုဆိုပါသည်။ ဤသည်မှာ မှန်သည်ဆိုသော်လည်း အတိတ်ကိုတူးဆွနေလို့ မရတော့ပါ။ လက်ရှိမှာ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ရမည်ဆိုသည်ကိုသာ အကြံသစ်ဥာဏ်သစ် စေတနာမေတ္တာသစ်များနှင့် လုပ်ဆောင်ရမည် ဖြစ်ပါသည်။
ထို့ပြင် ပေါ်ပေါက်ခဲ့သည့် ပြည်တွင်းစစ်တွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်၏အကြားမှာ ပြဿနာကြီးငယ် တစုံတရာမရှိဘဲ သက်ဆိုင်ရာအစိုးရများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများကြားမှာသာ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်တွေရှိကြောင်း သူကဆိုပါသည်။
ငြိမ်းချမ်းရေးမရသည်မှာ ကရင်ပြည်နယ် သီးခြားထူထောင်ရေးကြောင့် ဦးနု၏ပြည်ထောင်စုပါတီ (ပထစ)အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်ခြင်းကြောင့်၊ ရခိုင်ပြည်နယ်မှာ မူဂျာဟစ်သူပုန်တွေကြောင့် စသဖြင့် ငြိမ်းချမ်းရေးမရသည့်အကြောင်းများကို ပြောသွားသည်။ အဓိကက ငြိမ်းချမ်းရေးမရသည့်အပြစ်များကို ပြောသွားသည်။
ရှင်းရှင်းလင်းလင်း ပြောရလျှင် ပြည်တွင်းစစ်သည် စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တို့၏ ပဋိပက္ခမဟုတ်၊ အုပ်ချုပ်သည့်အစိုးရနှင့်သာ ပဋိပက္ခဖြစ်ခြင်းဖြစ်သည်ဟု ဆိုထားပါသည်။ စဉ်းစားစရာပင်။ တပါတီအာဏာရှင် အစိုးရလက်ထက်က ပဋိပက္ခများကတော့ စစ်အာဏာရှင်အစိုးရနှင့် လက် နက်ကိုင်တိုင်းရင်းသားတို့၏ ပဋိပက္ခပင်ဖြစ်သည်။
''ကွန်မြူနစ်၊ ရဲဘော်ဖြူတို့က သူတို့ဘက်ကို တပ်မတော်ပါဝင်အောင် အပြင်းအထန်ဆွဲဆောင်ခဲ့သော်လည်း အဓိကတပ်မတော်ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်နေ၀င်း လက်မခံခဲ့ပါဘူး''ဟုလည်း ဗိုလ်ချုပ်နေ၀င်း၏ လုပ်ဆောင်ချက်ကို ချီးကျူးသွားပါသည်။
ထို့ကြောင့် ၂၁ ရာစုပင်လုံညီလာခံ တတိယအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စကားများမှာ အထူးသတိပြုရမည့်စကားများဖြစ်သည်။ ပြည်သူ့တပ်မတော်ဆိုသည်နှင့်အညီ တပ်မတော်နှင့် ပြည်သူကို အမှန်တကယ် ကာကွယ်စောင့်ရှောက်သည့် ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ထားသည့် တပ်မတော်ဖြစ်ရန် အရေးကြီးသည်။
News Watch
0 comments:
Post a Comment