ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကဿဝင်ကျေးရွာအုပ်စု ရွှေဖလားကျွန်းကျေးရွာတွင် ဘုန်းကြီးကျောင်းအပါအ၀င် နေအိမ် ၃၀၀ နီးပါး ရွှေ့ပြောင်းခဲ့ရပြီး ကျေးရွာမြေအားလုံးနီးပါး မြစ်ရေတိုက်စားမှုကြောင့် မြစ်ထဲမျောပါပျက်စီးကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများအပါအ၀င် နေအိမ်များ ပျက်စီးကာ ဒေသခံ ၁၃၇၂ ဦးမှာ စားဝတ်နေရေးများအပြင် နေထိုင်ရေး အခက်အခဲပါ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
နှစ်စဉ် ဧရာဝတီမြစ်ရေတိုက်စားမှု၊ ရေ၀င်ရောက်မှု ကြုံတွေ့နေရသော ရွှေဖလား ကျွန်းကျေးရွာမှာ ယခုနှစ် မိုးတွင်းရာသီ အစပိုင်းမှစ၍ မြစ်ကမ်းပြိုမှု ဆက်တိုက်ကြုံတွေ့နေရကြောင်း၊ မြစ်ရေတိုက်စားမှုကြောင့် နေ့စဉ် ၁၅ ပေမှ ပေ ၃၀ ခန့်အထိ မြစ်ကမ်းပါးပြိုကျနေမှုကြောင့် နေအိမ်များဖျက်ပြီး တိမ်းရှောင်ခဲ့ရကြောင်း၊ ဇူလိုင် ၈ ရက်အထိ စာရင်းများအရ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း အပါအ၀င် နေအိမ် ၂၈၅ လုံး ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နေရပြီး အကူအညီအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း၊ ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းမှာလည်း မြစ်ကမ်းပါးနှင့် အနီး ပေ ၁၅၀ ခန့်အကွာအထိ ရောက်ရှိနေသောကြောင့် စာသင်ကျောင်းကို ဖျက်သိမ်း၍ ရွှေ့ပြောင်းရန် ပြင်ဆင်နေရပြီဖြစ်ကြောင်း၊ မြစ်ကမ်းပါးပြိုကျမှု နေ့စဉ် ပိုတိုးလာမှုကြောင့် ရွှေဖလားကျွန်းကျေးရွာပိုင်မြေ အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။
“ကမ်းပြိုတာကတော့ ရေဦးလေးစတိုး ကတည်းက ပြိုတာပဲ။ ရွာကလည်း တုပ်ပြီးတော့ ခံထားလည်း တဖြည်းဖြည်းပြိုရင်းပြိုရင်းနဲ့ အခု ရွှေဖလားကျွန်း နယ်နိမိတ်ရွာဆိုတဲ့ နယ်နိမိတ်က ကုန်သလောက်ဖြစ်သွားပြီ။ သူနဲ့ယှဉ်တွဲပြီး ရှိနေတဲ့ မြစိမ်းကျွန်းရွာတောင် ပြိုနေပြီ။ ဒီနှစ်မှ ထပ်တိုးရတဲ့ အလယ်တန်းကျောင်းလည်း ပေ ၁၀၅ ပေလောက်ပဲ ကျန်တော့တယ်။ အခုတော့ စာသင်လို့နေသေးပေမယ့် ဖျက်ပြီး ပြောင်းရတော့မယ်။ ရွာဘုန်းကြီး ကျောင်းထဲကိုပါ ကမ်းကရောက်သွားပြီ။ ဘုန်းကြီးကျောင်းလည်း ဖျက်ပြီးသွားပြီ။ ဘုရားလဲ ပြိုပါတော့မယ်။ ပြိုနေတာက တစ်လလောက် ဖြစ်သွားပြီ။ နေ့တိုင်းမဟုတ်ဘဲနဲ့ တစ်ခါပြိုရင် ပေ ၄၀၊ ၅၀ လောက်ပြိုသွားလိုက် ရပ်ရင်ရပ်နေလိုက်နဲ့ ပြိုတာပဲ။ စာသင်ကျောင်းကိုတော့ မအူပင်မြို့နယ်စပ် မြစိမ်းကျွန်းကျေးရွာ အနောက်ဘက် ခြမ်းကိုရွှေ့ဖို့ ယာယီစဉ်စားထားတယ်။ အခုဖျက်ရတဲ့ အိမ်တွေကတော့ မြစိမ်းကျွန်းကျေးရွာကမြေတွေထဲ ၀င်နေရတယ်။ ကူညီမှုကတော့ ပထမဆုံး အိမ် ၄၃ လုံးပြိုတာကိုပဲ အကူအညီရသေးတယ်။ ကျန်တာက အကူအညီ မရသေးဘူး” ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရွှေဖလားကျွန်းကျေးရွာ စာရေး ကိုကျော်အောင်က ပြောကြားသည်။
ရွှေဖလားကျွန်းကျေးရွာ ကမ်းပြိုမှုနှင့် ပတ်သက်၍မည်သို့ ကူညီဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း ပန်းတနော်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ အခုစာရင်းကောက်ယူ နေပြီးတော့ ကူညီပေးဖို့ လုပ်ဆောင်နေပါတယ်။ နေအိမ်တွေကိုလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ဖို့ မှာကြားထားပါတယ်” ဟု ပန်းတနော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။
မင်းသူဝင်းထွဋ်
Eleven Media Group
0 comments:
Post a Comment