Wednesday, July 11, 2018

မဖြစ်နိုင်ဟု အများထင်သည့်ကိစ္စကို လုပ်နိုင်ခဲ့ဟု ထိုင်းကယ်ဆယ်ရေးအကြီးအကဲ ဝင့်ကြွား ဂူတွင်းပိတ်မိနေသူများ ကယ်ထုတ်နိုင်မှုအတွက် ကမ္ဘာ့ခေါင်းဆောင်များ ဂုဏ်ပြု

“ကမ္ဘာမှာ မဖြစ်နိုင်ဘူးလို့ အများထင်တဲ့ဟာကို ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ။ ဒီအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ထိုင်းနိုင်ငံအတွက် Mission Possible ဖြစ်ခဲ့ပါပြီ”ဟု ကယ်ဆယ်ရေးလုပ်ငန်း အကြီးအကဲ နရောင်ဆက်အော့ဆိုတာနာကွန်းက ကြွေးကြော်ခဲ့ကြောင်း Channel News Asia သတင်းဌာနက ဖော်ပြသည်။
နရောင်ဆက်သည် ကလေး ၁၂ ဦး နှင့် နည်းပြဖြစ်သူ ပိတ်မိနေသော ထန်လွမ်ဂူကွန်ရက်ရှိရာ ထိုင်းမြောက်ပိုင်း ချင်းရိုင်အုပ်ချုပ်ရေးမှူးဖြစ်သောကြောင့် ကယ်ဆယ်ရေးကို ဦးစီးရသူဖြစ်သော်လည်း ကယ်ဆယ်ရေးကာလအတွင်း နေရာအပြောင်း အရွှေ့ဖြစ်ပေါ်ကာ အခြားခရိုင်တစ်ခုသို့ ပြောင်းရွှေ့မိန့်ကျခဲ့သည်။ သို့သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းကို ပြီးဆုံးချိန်အထိ ဦးဆောင်ခွင့်ရခဲ့သူဖြစ်သည်။ ထိုင်းစစ်အစိုးရက ပုံမှန်ရာထူးနေရာ အပြောင်းအလဲဖြစ်သည်ဟု ဖြေရှင်းထားသော်လည်း ပိုသေးငယ်သည့် ခရိုင်သို့ ရွှေ့ပြောင်းတာဝန်ချထားခံရခြင်းမှာ ရာထူးချခြင်းပင်ဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည်။ နရောင်ဆက်သည် အကျင့်ပျက်ခြစားမှု များစွာရှိသည်ဟု နာမည်ဆိုးထွက်နေသော အစိုးရဆောက်လုပ်ရေး စီမံကိန်းတစ်ခုကို အတည်ပြုချက်ပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် နေရာအပြောင်းခံရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ သို့သော်လည်း ကယ်ဆယ်ရေးတွင် အားတက်သရောဆောင်ရွက်ခဲ့သည့် နရောင်ဆက်ကို ထိုင်းပြည်သူများက သဘောကျနှစ်ခြိုက်ခဲ့ပြီး ကယ်ဆယ်ရေးပြီးဆုံးသည်အထိ ဆက်လက်ဦးဆောင်ခွင့်ပေးရန် အာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ် ပရာယုချန်အိုချာထံ တောင်းဆိုမှုများပင် ရှိခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းမှာ သမိုင်းဝင်ဖြစ်ခဲ့ပြီး ရေလွှမ်းနေသော ဂူကွန်ရက်အတွင်းရက်ရှည် ပိတ်မိနေသူအားလုံးကို ကယ်ဆယ်ရန် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရခြင်းဖြစ်သည်။ ထန်လွမ်ဂူကယ်ဆယ်ရေးမစ်ရှင်တွင် ထိုင်း ကြည်း၊ ရေ၊ လေ၊ ရဲတပ်ဖွဲ့ တို့အပြင် ပြည်တွင်းပြည်ပမှ ဆေးအဖွဲ့၊ ရေငုပ်ကျွမ်းကျင်သူများ၊ အင်ဂျင်နီယာများ၊ ဘူမိဗေဒပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း လူ ၁၀၀၀၀ ကျော် ပါဝင်ခဲ့ကြသည်။ ပိတ်မိနေသူများကိုတွေ့ရှိပြီးနောက် မကယ်ထုတ်နိုင်မီ အောက်ဆီဂျင်ဘူးများ သွားရောက်ပေးပို့ပြီးအပြန်တွင် ရေတပ် တပ်ကြပ်ကြီးအငြိမ်းစား ဆာမန်ကူနန်မှာ မတော်တဆဖြစ်ကာ ကွယ်လွန်သွားခဲ့သည်။ ထန်လွမ်ဂူရှာဖွေရေးနှင့် ကယ်ဆယ်ရေးမှာ ၁၃ ဦးစတင်ပျောက်ဆုံးသည့် ဇွန်လ ၂၃ ရက်နေ့မှ စတင်ရေတွက်ပါက ၁၇ ရက်ကြာမြင့်ခဲ့ပြီး ပိတ်မိနေသူအားလုံးကို ကယ်ဆယ်နိုင်ခဲ့သည်။ “ကျွန်တော်တို့ ဒီစီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်နိုင်တာဟာ ချစ်ခြင်းတရားဆိုတဲ့ စွမ်းပကားအပြည့်အဝရှိလို့ပါပဲ။ လူတိုင်းကဒီ ၁၃ ဦးနဲ့ ကယ်ဆယ်ရေးသမားတွေအပေါ် သူတို့ရဲ့ မေတ္တာတရားကို ဖော်ပြခဲ့ကြပါတယ်။ ဒါကိုလူတွေ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်သင့်တယ်ဆိုတာ ပြသတဲ့ ကမ္ဘာကြီးအတွက် သင်ခန်းစာတစ်ရပ်ဖြစ် စေချင်ပါတယ်။ ဒီကနေ့လိုပဲထိုင်းလူမျိုးတွေ အားလုံးတစ်ဦးအပေါ် တစ်ဦးချစ်မြတ်နိုးကြစေချင်ပါတယ်”ဟု နရောင်ဆက်က ပြောကြားခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များကလည်း ကယ်ဆယ်ရေးအောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုစကားများ ထုတ်ပြန်ကြေညာခဲ့ကြသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထိုင်းရေတပ်အထူးတပ်ဖွဲ့ (Navy SEAL) နှင့် အခြားသူအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ အမေရိကန် ပစိဖိတ်ဒေသစစ်ဌာနချုပ် (PACOM) သည် ကယ်ဆယ်ရေးတွင် ပါဝင်ကူညီရန် ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ ထန်လွမ်ဂူသို့ စေလွှတ်ခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေကလည်း “ကမ္ဘာကြီးသည် ပါဝင်ပတ်သက်သူအားလုံး၏ ရဲရင့်ပြောင်မြောက်မှုကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး အလေးပြုဂုဏ်ပြုကြမည်ဖြစ်ပေသည်”ဟု တွစ်တာတွင် ရေးသားခဲ့သည်။ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း လူ့စိတ်ဝိညာဉ်၏ ခွန်အားကို မှတ်မှတ်ထင်ထင် ဖော်ပြနိုင်မှုဟု ချီးကျူးစကားဆိုခဲ့သည်။ “မတူညီတဲ့နိုင်ငံတွေ အဖွဲ့တွေအတူ လက်တွဲဆောင်ရွက်ပြီး အောင်မြင်မှုရနိုင်တယ်ဆိုတာကို စိတ်အားတက်ကြွဖွယ် ဖော်ပြနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ”ဟု လီကသူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။ ဗြိတိန် ဂူကျွမ်းကျင်သူများသည် ကယ်ဆယ်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပြီး ကလေးများနှင့်နည်းပြကို ပျောက်ဆုံးအပြီး ကိုးရက်အကြာတွင် ပထမဆုံးရှာဖွေတွေ့ရှိခဲ့ကြသည်။ ဗြိတိန်နှင့် အမေရိကန်အပြင် မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ ဂျပန်၊ တရုတ်၊ ဩစတြေးလျတို့ကလည်း ပါဝင်ကူညီခဲ့ကြရာ နိုင်ငံစုံ ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ The Voice

0 comments:

Post a Comment