ဂရိနဲ့ နိုင်ငံနာမည် အငြင်းပွားနေတဲ့ မက်ဆီဒိုးနီးယားနိုင်ငံကို နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကိစ္စဆွေးနွေးဖို့ နေတိုးအဖွဲ့က ဇူလိုင် ၁၂ ရက်နေ့မှာ တရားဝင်ဖိတ်ကြားလိုက်ပါတယ်။
ဂရိနဲ့ မက်ဆီးဒိုးနီးယားနိုင်ငံတို့ဟာ ‘မက်ဆီဒိုးနီးယား’ ဆိုတဲ့နာမည် အသုံးပြုတာနဲ့ ပတ်သက်ပြီး ကာလတာရှည် အငြင်းပွားနေခဲ့ကြတာပါ။
လွန်ခဲ့တဲ့ လပိုင်းက မက်ဆီဒိုးနီးယားကို ‘မြောက်ပိုင်း မက်ဆီဒိုးနီးယား’ လို့ နာမည်ပေးဖို့ နှစ်နိုင်ငံ ခေါင်ဆောင်တွေ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ‘မြောက်ပိုင်းမက်ဆီဒိုးနီးယား’ ဆိုတဲ့ နာမည်ကိုလည်း နှစ်နိုင်ငံ ပြည်သူတချို့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါသေးတယ်။
မက်ဆီဒိုးနီးယားဆိုတဲ့ နာမည်နဲ့ ဂရိဘက်မှာလည်း နယ်မြေရှိနေပြီး အဲဒီနယ်မြေနဲ့ ထိစပ်နေတဲ့ နယ်မြေကို မက်ဆီဒိုးနီးယားနိုင်ငံလို့ နာမည်ပေးတာဟာ နယ်မြေပိုင်ဆိုင်မှု သွယ်ဝိုက်တောင်းဆိုသလို ဖြစ်နေတာကြောင့် ဂရိဘက်က လက်မခံဘဲ ဖြစ်နေခဲ့တာပါ။
ဒါ့အပြင် မက်ဆီဒိုးနီးယားနိုင်ငံကို နေတိုးအဖွဲ့ဝင်ဖြစ်ရေးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ကိစ္စကိုလည်း ဂရိက ပိတ်ပင်တားဆီးခဲ့တာဖြစ်ပါတယ်။
အခုအခါ နှစ်နိုင်ငံ အစိုးရတွေအကြား နိုင်ငံနာမည်အငြင်းပွားမှုကို ဖြေရှင်းပြီးဖြစ်တာကြောင့် မက်ဆီဒိုးနီးယားကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါက နေတိုးအဖွဲ့မှာ အဖွဲ့ဝင် ၃၀ ထိ ရှိလာမှာလည်းဖြစ်ပါတယ်။
၁၉၉၁ ခုနှစ် ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲသွားအပြီးမှာ အခုနာမည်အငြင်းပွားနေတဲ့ နိုင်ငံကို “ယူဂိုဆလပ်နိုင်ငံဟောင်း မက်ဆီဒိုးနီးယား သမ္မတနိုင်ငံ” လို့ ကုလသမဂ္ဂက တရားဝင် ခေါ်ဝေါ်သုံးနှုန်းခဲ့တာလည်း ဖြစ်ပါတယ်။
DVB
0 comments:
Post a Comment