Thursday, July 12, 2018

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ထိုးနိုင်ရေးသည် တရုတ်နိုင်ငံ၏မူဝါဒဟု သံအမတ်ပြော


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များ လက် မှတ်ရေးထိုးနိုင်ရေး အားပေးခြင်း သည် တရုတ်နိုင်ငံ၏ မူဝါဒဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်က ပြောသည်။

ဇူလိုင် ၁၁ ရက်က နေပြည် တော်တွင် ကျင်းပသည့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်သည့် တရုတ်သံ အမတ်က မီဒီယာများ၏ မေးမြန်း မှုကို ထိုသို့ ဖြေကြားသည်။

‘‘ကျွန်တော်တို့ရဲ့ မူဝါဒက အလွန်ရှင်းပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ အဖွဲ့အစည်း တွေအားလုံး NCA မှာ ပါဝင်လက် မှတ်ရေးထိုးလာရန် ကျွန်တော်တို့ အားပေးတိုက်တွန်းပါတယ်’’ဟု မစ္စတာဟုန်လျန်က ပြောသည်။

ထို့အပြင် ညီလာခံအောင် မြင်စွာ ပြီးစီးရေးကိုလည်း ဆုမွန် ကောင်းတောင်းကြောင်း ၎င်းက ဆိုသည်။

‘‘ကျွန်တော်တို့က ရေရှည် တည်တံ့ခိုင်မြဲတဲ့ အပစ်အခတ်ရပ် စဲရေးဖြစ်လာဖို့ မျှော်လင့်ပါ တယ်။ မြန်မာနိုင်ငံတွင်းက တစ် စိတ်တစ်ပိုင်းမဟုတ်ဘဲ တစ်နိုင်ငံ လုံးအတိုင်းအတာအနေနဲ့ပေါ့’’ဟု မစ္စတာဟုန်လျန်ကပြောသည်။

မြန်မာ-တရုတ်နယ်စပ် အ ခြေပြုမြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့သည် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းဆောင်ရွက်မှုဖြင့် ယခု ကျင်းပသည့် ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးသို့ တက် ရောက်နေသည်။

‘ဝ’အဖွဲ့ (UWSA)၊ ကချင် အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA)နှင့် ရခိုင်အဖွဲ့ (AA) ဟူသည့် မြောက်ပိုင်းလက် နက်ကိုင်ခုနစ်ဖွဲ့အနက် NDAA က လွဲ၍ ကျန်ခြောက်ဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမှတစ်ဆင့် ၂၁ ရာစု ပင်လုံသို့ လာရောက်ခြင်းဖြစ် သည်။ ယင်းခုနစ်ဖွဲ့သည် ပြည် ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ဟူ၍ စုဖွဲ့ထားသည်။ NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေးလိုသည့် ယင်း ကော်မတီကို အစိုးရနှင့် တပ် မတော်က အသိအမှတ်မပြုသေး ၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများ မဆောင်ရွက်နိုင်သေးပေ။

မြောက်ပိုင်းခုနစ်ဖွဲ့ ၂၁ ရာစု ပင်လုံသို့ တက်ရောက်ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အ ချိတ်အဆက်ပြုလုပ်ရန် ရည်ရွယ် ချက်ဖြင့် လာရောက်ခြင်းဖြစ် ကြောင်း FPNCC အဖွဲ့ဝင် KIO/ KIA ကိုယ်စားလှယ် ဗိုလ်ချုပ်ဂွန် မော်က ပြောသည်။

‘‘အခုအချိန်မှာတော့ ကျွန် တော်တို့ ပုံမှန်ဘယ်လိုပြန်တွေ့ နိုင်မလဲဆိုတဲ့ အချိတ်အဆက်ကို ရှာဖွေနေတဲ့ အနေအထားဖြစ်ပါ တယ်။ အဲဒီအနေအထား ရောက် သွားပြီဆိုရင်တော့ ရှေ့ကိုသွားလို့ ရမှာပါ။ မဟုတ်ရင်တော့ ဒီလိုပဲ တစ်ကြိမ်မှာ တရုတ်အစိုးရက ကျွန်တော်တို့ကို တာဝန်ခံပြီး ခေါ် လာလိုက်၊ ပြန်သွားလိုက်ဆိုရင် တော့ ရှေ့တိုးဖို့အတွက် မရှိသေး ပါဘူး။ အဲဒါကြောင့် ပုံမှန် ဘယ် လိုလုပ်နိုင်မလဲဆိုတဲ့ အနေအ ထားတစ်ခုရရှိဖို့ အရေးကြီးပါ တယ်’’ဟု ၎င်းကဆိုသည်။

အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များအနေဖြင့် မြောက်ပိုင်း အဖွဲ့များ၏ ယခုခရီးစဉ်တွင် လက်ခံတွေ့ဆုံကာ ဆွေးနွေးညှိ နှိုင်းမှု အရှိန်မြှင့်ရန် စီစဉ်ထား သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇူလိုင် ၁၂ ရက်တွင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များကို လက်ခံတွေ့ဆုံမည်ဖြစ်သည်။ 

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညီလာခံတက်ရောက်လာသည့် ‘ဝ’အဖွဲ့(UWSA)၊မိုင်းလားအဖွဲ့ (NDAA)၊ ဝမ်ဟိုင်းအဖွဲ့ (SSA) နှင့် KIA အဖွဲ့များမှကိုယ်စားလှယ်တို့ကို ယမန်နေ့ကလက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

‘‘အဓိကကတော့ ကျွန်တော် တို့ မြောက်ပိုင်းခုနစ်ဖွဲ့မှာ တိုက်ပွဲ ဖြစ်နေတဲ့ ကေအိုင်အေ၊ ကေအိုင် အိုနဲ့လည်း တပ်ပိုင်းဆိုင်ရာ ဆွေး နွေးဖို့ရှိတယ်။ နောက် ဟိုသုံးဖွဲ့ ပေါ့နော်။ AA/TNLA / MNDAA အဲဒီသုံးဖွဲ့နဲ့လည်း တိုက်ပွဲတွေ လျှော့ချရေးနဲ့လည်း အဓိကထား ပြီး ဆွေးနွေးဖို့ရှိတယ်။ ‘ဝ’၊ မိုင်း လား၊ SSPP ကျရင်တော့ ကျွန် တော်တို့က NCA ရေးထိုးဖို့ အဲဒါ မျိုး ဆွေးနွေးဖို့တော့ရှိတယ်’’ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့သည် ၂၀၁၇ မေလက ကျင်းပသည့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုအရ ညီလာခံဖွင့်ပွဲနေ့၌ တက်ရောက်ခဲ့ သည်။ မြောက်ပိုင်းအဖွဲ့များ ညီ လာခံတက်ရောက်ရန် လမ်းပန်း ဆက်သွယ်ရေးနှင့် လုံခြုံရေးကို တရုတ်အစိုးရက တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

7Day

0 comments:

Post a Comment