Tuesday, January 1, 2019

နှစ်သစ်ကူးည ရန်ကုန်နှင့် မန္တလေးဆေးရုံကြီးကို လူနာ ၂၅၀ ကျော်ရောက်ရှိ၊ ၃ ဦးသေဆုံး


ပြီးခဲ့တဲ့ နှစ်သစ်ကူးညက ရန်ကုန်နဲ့ မန္တလေးဆေးရုံကြီးကို အရေးပေါ် လူနာပေါင်း ၂၅၀ ကျော်ရောက်ရှိလာပြီး ၃ ယောက်သေဆုံးခဲ့ပါတယ်။ 
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ထိခိုက်ဒဏ်ရာနဲ့ ရောက်ရှိလာသူတွေထဲမှာ ပြင်ပလူနာ အယောက် ၁၀၀၊ အတွင်းလူနာအယောက် ၇၀ ရှိပြီး သေဆုံးပြီး ရောက်လာသူ ၃ ယောက်ရှိ တယ်လို့ ဆေးရုံကြီးက ထုတ်ပြန်ပါတယ်။ 

မန္တလေးဆေးရုံကြီးကိုတော့ ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီကနေ ဇန်နဝါရီ ၁ ရက် မနက် ၈ နာရီအထိ လူနာပေါင်း ၈၁ ယောက် ရောက်လာခဲ့ပြီး သေဆုံးသူတော့ မရှိဘူးလို့ လူမှုဆက်ဆံရေးတာဝန်ခံ ဦးမင်းလွင်က ပြောပါတယ်။ 

“ဆေးရုံတက်ရတဲ့အတွင်းလူနာက ၂၁ ယောက်၊ ပြင်ပလူနာက ၆၀ ပါ။ ကျနော်တို့က ဒီထဲမှာထပ်ခွဲလိုက်တော့ ယာဉ်မတော်တဆမှုကြောင့် ရောက်လာတာ ၅၈ ယောက်၊ ခိုက်ရန်ဖြစ် ထိခိုက်တာက အယောက် ၂၀ နဲ့ တခြားအကြောင်းတွေကြောင့် ထိခိုက်မိတာ ၃ ယောက်ပါ” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၇ နှစ်သစ်ကူးကာလတုန်းကတော့ မန္တလေးဆေးရုံကြီးကို ထိခိုက်ဒဏ်ရာရသူ ၆၀ကျော်ရောက်လာခဲ့ပြီး သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့ ဆေးရုံမှတ်တမ်း အရသိရပါတယ်။ 

နှစ်သစ်ကူးကာလဖြစ်တဲ့ ဒီဇင်ဘာ ၃၁ရက် မနက်ပိုင်းကနေ ဇန်န၀ါရီ ၁ ရက် မနက်အထိ အရေးပေါ်ကာလအဖြစ်သတ်မှတ်ပြီး ရန်ကုန်နဲ့ မန္တလေး ပြည်သူ့ ဆေးရုံကြီးတွေမှာ ဆရာဝန်တွေ၊ ၀န်ထမ်းတွေကို အင်အား နှစ်ဆတိုးမြှင့်ချထား ကုသပေးခဲ့တာဖြစ်ပါတယ်။

DVB

0 comments:

Post a Comment