Thursday, January 31, 2019

ပုဂံရှေးဟောင်းနယ်မြေတွင် ကေတီဗီဆိုင်များဖွင့်ခွင့်ပြု

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ညောင်ဦးမြို့နယ်တွင် ကေတီဗီ (KTV) လုပ်ငန်းများ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောကြားသည်။ 
“လက်ရှိအချိန်ထိတော့ တစ်ယောက်မှလျှောက်တာ မရှိသေးဘူး။ တစ်တိုင်းလုံးမှာ ဖွင့်ခွင့်ပေးဖို့ရှိပါတယ်။ ဖွင့်မယ်ဆိုရင် ကာရာအိုကေ စိစစ်ကြပ်မတ်ရေးကော်မတီကို လျှောက်ပါဆိုပြီး အကြောင်းကြားထားတယ်။ တိုင်းကနေ လာတဲ့စာကို မြို့နယ်တွေကို ဖြန့်ပေးထားတယ်။ ခုချိန်ထိတော့ လျှောက်လွှာလာယူတာ၊ လျှောက်တာမတွေ့သေးဘူး။ ဥပဒေမှာတော့ နေရာကန့်သတ်ထားတာ မရှိဘူး”ဟု ၎င်းကပြောဆိုသည်။ 

ကာရာအိုကေ (KTV) ဆိုင်လုပ်ကိုင်ခွင့်လိုင်စင်များကို ၂၀၁၄ ခုနှစ်ကစ၍ အသစ်လျှောက်ထားခွင့် ပိတ်ထားခဲ့ရာမှ အများပြည်သူ အပန်းဖြေရန်နေရာများ ပေါ်ထွက်ရန်နှင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရန် စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါ လုပ်ငန်းလိုင်စင်များကိုပြန်လည်ခွင့်ပြုပေးရန်စီစဉ်ခြင်းဖြစ်ကြောင်း ညောင်ဦး ခရိုင်စီမံခန့်ခွဲမှုကော်မတီထံမှလည်း သိရသည်။ 

ညောင်ဦးခရိုင် စီမံခန့်ခွဲမှုကော်မတီအနေနှင့် ကာရာအိုကေ (KTV) ဆိုင်လုပ်ကိုင်ခွင့်လိုင်စင်များ ပြန်လည် လျှောက်ထားနိုင်ကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားပြီးဖြစ်သည်။ 

“လက်ရှိမှာတော့ ဘယ်လိုပုံစံနဲ့ ခွင့်ပြုမလဲဆိုတာ မသိရသေးဘူး။ ဒီကိစ္စနဲပတ်သက်လို့ အပြင်မှာလည်း ကြားနေရတယ်။ စည်းကမ်းချက်နဲ့ညီရင် ခွင့်ပြုမယ်လို့တော့သိရတယ်။ ဒါက ကော်မတီကဆုံးဖြတ်လိမ့်မယ်။ တိုင်းအစိုးရရဲ့ သဘောထားပါဘဲ။ ပုဂံသည် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေလည်းဖြစ်တော့ အရင်ကဆို စည်ဘီယာတောင် မရောင်းရတာတွေရှိခဲ့တယ်”ဟု ညောင်ဦးမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဦးဝင်းမြင့်ခိုင်က ပြောဆိုသည်။ 

ထိုသို့ ကာရာအိုကေဆိုင်များ ပြန်လည် ဖွင့်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ ပုဂံဒေသကိုချစ်မြတ်နိုးသူအချို့ကလည်း ဝေဖန်လျက်ရှိသည်။ 
“ကျွန်တော်တို့အနေနဲ့ကတော့ ဒါကိုကန့်ကွက်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ယာဉ်ကျေးမှုနယ်မြေ ဖြစ်တဲ့အတွက်ပေါ့။ ကေတီဗီကနေတစ်ဆင့် စင်တင်တွေထိပါ ဖြစ်လာနိုင်တယ်။ ဒါကို လုံးဝ လက်မခံနိုင်ပါဘူး။ ပုဂံညောင်ဦးနယ်ထဲမှာ ဒါမျိုးအခုထိမရှိဘူး။ အခုကလုပ်ဖို့ အစပျိုးတဲ့သဘောပေါ့။ ကေတီဗီတွေက ပခုက္ကူဘက်မှာသာ ရှိတယ်”ဟု ပုဂံညောင်ဦးဒေသခံ ကိုဆော် (ပုဂံ) ကပြောကြားသည်။ 

မန္တလေးတိုင်းအတွင်း ကေတီဗီလုပ်ငန်းလိုင်စင်များကို ၂၀၁၀ ပြည့်နှစ်ကစ၍ချထားပေးခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်ကာ လိုင်စင်သစ်များ ထပ်မံခွင့်ပြုချထားပေးခြင်းမပြုတော့ရာမှ ယခု ပြန်လည်အစပျိုးလာခြင်းဖြစ်သည်။ 

“KTV ဖွင့်တာက ဒေသအကျိုးစီးပွားဖြစ်တဲ့အတွက် ယူနက်စကိုဝင်ဖို့ စာရင်းတင်ထားတဲ့အတွက် ထိခိုက်မလားဆိုတာနဲ့တော့ မဆိုင်ဘူး။ အဓိကတော့ ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုတွေကို မထိခိုက်ဖို့လိုတယ်။ ပုဂံဟာ ယဉ်ကျေးမှုနယ်မြေဖြစ်တဲ့အတွက် လိုင်စင်ခွင့်ပြုတာ၊ မပြုတာက စီမံခန့်ခွဲရေးကော်မတီရဲ့ ဆင်ခြင်တုံတရားနဲ့ပဲ ဆိုင်မယ်”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က မှတ်ချက်ပြုပြောဆိုသည်။

The Voice

0 comments:

Post a Comment