Wednesday, January 30, 2019

အမှုပွဲစားများကို ဖော်ထုတ်အရေးယူရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးနိုင်တိုက်တွန်း


တရားရုံးများတွင် ကျင်လည်ကျက်စားနေသည့် အမှုပွဲစားများကို ဖော်ထုတ်အရေးယူရန်လိုအပ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးနိုင်ကပြောသည်။ 
ဇန်နဝါရီလ ၃၀ ရက်က ကျင်းပသည့် ဒုတိယအအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ အစီ အစဉ်တွင် ကော့သောင်း မဲဆန္ဒနယ်မှ ဦးခင်ဇော်၏ တရားရုံးများတွင် အမှုပွဲစားများ ပပျောက်ရေးကို မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ တရားရုံးမှာ အမှုပွဲစားများ ကျင်လည်ကျက်စားနေလေ့ရှိခြင်းကြောင့် တရားရေးမဏ္ဍိုင် တိမ်းစောင်းမှုမရှိစေရန် အလို့ငှာ ယင်းတို့ရဲ့မမှန်မကန်သော လုပ်ရပ်များကို ဖော်ထုတ်အရေးယူရန် လိုအပ်လျက်ရှိပါတယ်။ တရားရုံးများမှာ ကျင်လည်ကျက်စားနေတဲ့ အမှုပွဲစားများနဲ့ နယ်စားရှေ့နေများ ကိစ္စဖော်ထုတ်အရေးယူရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယခင်ကတည်းက ညွှန်ကြားထားချက် ပြဌာန်းချက်များ ချမှတ်ပြီးဖြစ်တဲ့အတွက် တရားရုံးကို ဆက်နွယ်ရောက်ရှိသူများကလည်း အမှုပွဲစားများ နယ်စားရှေ့နေများကို တရားရုံးသို့ ဖော်ထုတ်တိုင်ကြားနိုင်ကြပါတယ်” ဟု ဦးစိုးနိုင် ကပြောသည်။ 
ယင်းသို့တိုင်ကြားပြီး တရားရုံးမှ လက်ခံနိုင်သည့် လက်ခံနိုင်ဖွယ်ရာ သက်သေထင်ရှားရှိကြောင်း စုံစမ်းတွေ့ရှိပါက ၎င်း၏ အမည် ကို အမှုပွဲစား စာရင်းတွင် ထည့်သွင်းကြေငြာခြင်း၊ ထုတ်ပြန်ခြင်းနှင့် ဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်းကပြောသည်။ 
“ တရားရေးဝန်ထမ်းတွေ ၊ ရဲဝန်ထမ်းတွေနဲ့ ပေါင်းပြီး တရားရုံးတွေမှာ ဝင်ထွက်သွားလာပြီး ပြောင်ပြောင်တင်းတင်း လုပ်နေကြ ပါတယ်။ အမှုပွဲစားများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ အဓိက စိန်ခေါ်ချက်တစ်ရပ်ဖြစ်ပါတယ်။ အကျင့်သိက္ခာနဲ့ ပြည့်စုံ တဲ့ တရားသူကြီးတွေ ဥပဒေအရာရှိတွေ ပြည်သူ့ရဲတွေရဲ့ ဂုဏ်သိက္ခာကို လက်ညိုးထိုး ရောင်းစားနေသူများက အမှုပွဲစားများ ဖြစ်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က ပြောသည်။ 
ရှေနေလိုက်သူများ အက်ဥပဒေ ပုဒ်မ ၃ တွင် အမှုပွဲစား တစ်ယောက်ဆိုသည်မှာ ရှေ့နေတစ်ဦးဦးထံမှ အခကြေးငွေ အဖိုးစားနား ရရှိရန် ရှေ့နေ၏ တရားဥပဒေရေးရာ လုပ်ငန်းအတွက် အမှုရှာပေးသူ၊ အခြားပုဂ္ဂိုလ်တစ်ဦးဦးထံမှ အခကြေးငွေ အဖိုးစားနာရယူ၍ အမှုရှာပေးရန် ရှေ့နေကိုဖြစ်စေ၊ ရှေ့နေလုပ်ငန်းအတွက် အမှုရရှိရန် စိတ်ဝင်စားသူကိုဖြစ်စေ ကမ်းလှမ်းအဆိုပြုသူ၊ တရားမ သို့မဟုတ် ရာဇဝတ်တရားရုံး အနီးအနားတွင်ဖြစ်စေ၊ အခွန်ရုံး အနီးအနားတွင်ဖြစ်စေ အမှုရရှိစေရေးအတွက် မကြာခဏ လှုပ်ရှားသွားလာနေခြင်း၊ ဘူတာရုံ၊ သင်္ဘောဆိပ်၊တည်းခိုခန်းနှင့် အများပြည်သူ အပန်းဖြေသည့်နေရာများတွင် အမှုရရှိရေးအတွက် မကြာခဏ သွားလာခြင်းပြုသူများကိုဆိုလိုကြောင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ 

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment