Thursday, January 31, 2019

လွှတ်တော်တွင်အသုံးပြုရန် မော်တော်ယာဉ်များဝယ်ယူရာ၌် ငွေကြေးလွဲမှားမှုများရှိခဲ့သည်ဟုဆိုကာ ပါတီမှထုတ်ပယ်ခြင်းခံခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌမှာ ဒုဥက္ကဋ္ဌတာဝန်မှ မိမိဆန္ဒအရနုတ်ထွက်ခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြေညာ

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုနိုင်ရန် မော်တော်ယာဉ်များဝယ်ယူရာတွင် ငွေကြေးလွဲမှားမှုများ ရှိခဲ့သည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်မှာ လွှတ်တော်ဒုဥက္ကဋ္ဌတာဝန်မှ မိမိဆန္ဒအရ နုတ်ထွက်ခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က လွှတ်တော်တွင်ကြေညာခဲ့သည်။ 
ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က လွှတ်တော်အတွင်း ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။ 

“လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ဘိုကလေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ၃၁ ရက် ၁ လ ၂၀၁၉ ရက်နေ့မှစ၍ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌတာဝန်မှ မိမိ၏ ဆန္ဒအရ နုတ်ထွက်ခွင့်ပြုပါရန် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ (၁၀) ပုဒ်မခွဲ (င) ပြဋ္ဌာန်းချက်များနှင့်အညီ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံသို့ ၎င်းကိုယ်တိုင်လက်မှတ်ရေးထိုးတင်ပြလာမှုအပေါ် နုတ်ထွက်ခွင့်ပြုပြီး ဖြစ်ပါတယ်။ သို့ပါ၍ ဦးစံမင်းအောင်သည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဥပဒေနှင့်အညီ နုတ်ထွက်ပြီးဖြစ်၍ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ်မှ ရပ်စဲပြီးဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌ လစ်လပ်နေရာအား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၃၊ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၅ နည်းဥပဒေ ၂၇ (က) (ခ)တို့အရ လွှတ်တော်ဒုတိယဥက္ကဋ္ဌ လစ်လပ်နေရာ အစားထိုးတင်မြှောက်ခြင်းကို (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်းမှာ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။ 

ဒုဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်ရခြင်းမှာ ဖိအားများကြောင့်မဟုတ်ဘဲ မိမိကိုယ်တိုင် တာဝန်များ ဆက်လက်မထမ်းဆောင်လို၍ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဆက်လက်တာဝန် ထမ်းဆောင်သွားမည်ဖြစ်ပြီး စွပ်စွဲခံထားရမှုများနှင့် ပတ်သက်၍ ဥပဒေအရ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း တာဝန်မှနုတ်ထွက်ခဲ့သည့် ဦးစံမင်းအောင်က ပြောကြားသည်။ 

“ဒီနေ့ကတော့ (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ပဲ ဖြစ်ပါတယ်။ နောက်ဆုံးနေ့မှာ ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌတာဝန်ကနေ နုတ်ထွက်ခွင့်တင်ပြခဲ့တာ ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အားလုံးလည်းသိပြီးတဲ့ အခက်အခဲတွေ ကျွန်တော့်မှာ အများကြီးရှိပါတယ်။ ဒီအခက်အခဲတွေကြောင့် ကျွန်တော်ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ စိတ်သွားတိုင်းကိုယ်မပါသလို အချို့လုပ်ငန်းတွေမှာလည်း ကျွန်တော်ဆောင်ရွက်တဲ့အခါမှာ အားနည်းချက်တွေ ဖြစ်လာမှာစိုးပါတယ်။ အဲဒါကြောင့်မို့ နုတ်ထွက်စာတင်ခြင်းပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလအရတော့ အခုက ၂၀၁၉ ခုနှစ် ဇန်နဝါရီလကုန်လည်း ဖြစ်သွားပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ၂၀၂၀ အတွင်းမှာ ရွေးကောက်ပွဲကြီးလည်း ပြန်လည်ကျင်းပတော့မှာဖြစ်တဲ့အတွက်ကြောင့် ကြားဖြတ်ရွေးကောက်ပွဲကာလလည်း ရှိလာမှာ မဟုတ်တော့ပါဘူး။ မဟုတ်တဲ့အခါကျတော့ ကျွန်တော့်မဲဆန္ဒနယ်မြေမှာရှိတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူတွေရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းဆောင်ရွက်မှုတွေ ကျန်ရှိနေပါသေးတယ်။ အဲဒီလုပ်ငန်းတွေကို ဒီ ၁၉ ဘဏ္ဍာရေးနှစ်ရော ၂၀ ဘဏ္ဍာရေးနှစ်တွေမှာရော ဆက်လက်ပြီးတော့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကျွန်တော်ဆက်လက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်သွားဖို့ ရှိပါတယ်။လွှတ်တော်ဒုဥက္ကဋ္ဌအဖြစ်က နုတ်ထွက်ဖို့ကို အခြားဖိအားတွေမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း အလုပ်ထဲမှာ မပျော်တော့ဘူး။ နောက်စိတ်သွားတိုင်းလည်း ကိုယ်မပါဘူးပေါ့နော်။ အလုပ်ထဲမှာ မပျော်တဲ့အခါကျတော့ ကျွန်တော့်လုပ်ငန်းတွေလည်း မှားယွင်းမှာလည်း စိုးတယ်။ နောက်တစ်ခု ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေမှာလည်း အနှောင့်အယှက်ဖြစ်မှာ စိုးတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်နုတ်ထွက်ရခြင်းပဲ ဖြစ်ပါတယ်။ အဓိက မိမိရဲ့မဲဆန္ဒနယ်မြေကို ပိုမိုပြီးတော့ အာရုံစိုက်ပြီး ဒေသဖွံ့ဖြိုးရေးတွေ လုပ်နိုင်ဖို့ရည်ရွယ်ပြီးတော့ နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။ ၂၀၂ဝရွေးကောက်ပွဲအတွက် ဝင်ပြိုင်မှာမဟုတ်ပါဘူးဆိုတာတော့ ဒါကတိပြုပြောကြားလိုပါတယ်။ စွပ်စွဲခံထားရမှုတွေကတော့ မီဒီယာတွေမှာ ကျွန်တော်ပြောခဲ့သလိုပဲ၊ ဥပဒေနဲ့အညီပဲ ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျ” ဟု ဦးစံမင်းအောင်က ပြောကြားသည်။ 
          
Eleven Media Group

0 comments:

Post a Comment