Thursday, January 31, 2019

မြင်းခြံ၌ အီလက်ထရွန်နစ်နည်းဖြင့် လူမှုရေးပင်စင်ထောက်ပံ့

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ (HelpAge International) က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ သက်ကြီးရွယ်အိုများကို အီလက်ထရွန်နစ်နည်းဖြင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ကနဦးလုပ်ဆောင်ခဲ့ကြောင်း HelpAge International ၏ ပရိုဂရမ်မန်နေဂျာ ဒေါ်အေးမြတ်ဖြိုးက ပြောကြားသည်။ 
HelpAge International က ယင်းစီမံကိန်းကို ၂၀၁၈ ခုနှစ်အတွင်းဆောင်ရွက်ခဲ့ပြီး အီလက်ထရွန်နစ်နည်းဖြင့် ငွေကြေးထောက်ပံ့မှုစမ်းသပ်စီမံကိန်း (Electronic Cash Transfer-ECT Pilot) သည် မိုဘိုင်းလ်ဖုန်းဖြင့် ငွေကြေးလွှဲပြောင်းခြင်းကို အသုံးပြုခြင်းဖြစ်ကာ မြင်းခြံအတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၂၀၅ ခုမှ အသက် ၈၅ နှစ်မှ ၈၉ နှစ်အရွယ် သက်ကြီးများထံသို့ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးပို့ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ 

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အသက် ၉၀ နှစ်အထက် သက်ကြီးရွယ်အိုများကို လူမှုရေးပင်စင် စတင်ထောက်ပံ့ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးများ ထောက်ပံ့ခြင်း အစီအစဉ်ကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်က ပြောကြားသည်။ 

လက်ရှိတွင် လူမှုကာကွယ်ရေးဆိုင်ရာ စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုများကို ကိုယ်တိုင်ကိုယ်ကျ ငွေသားနှင့် သွားရောက်သည့်နည်းလမ်း (Manual Payments) ဖြင့်သာ ဆောင်ရွက်လျက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်အဖြစ် တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် တိုးမြှင့်ထောက်ပံ့ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။

The Voice

0 comments:

Post a Comment