Thursday, January 31, 2019

ရုရှားလေယာဉ် ဗင်နီဇွဲလားသို့ ရောက်ရှိလာမှုအပေါ် ကောလာဟလများ ပေါ်ထွက်


ခရီးသည် အယောက်လေးရာ တင်ဆောင်နိုင်တဲ့ ရုရှားလေယာဉ် ဘိုးရင်း ၇၇၇ တစီး ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်ကို ပုံမှန်မဟုတ်ဘဲ ရောက်လာတဲ့အတွက် ကောလာဟလတွေ ပေါ်ထွက်နေပါတယ်။ 
ရုရှားအစိုးရက သူ့မဟာမိတ် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ပံ့ပိုးဖို့ ကတိပြုထားအပြီး လေယာဉ် ရောက်လာတာပါ။ 

ရုရှားရဲ့ နော့ဒ်ဝင်း လေကြောင်းလိုင်းပိုင် လေယာဉ်ဟာ မြို့တော် မော်စကိုကနေ တိုက်ရိုက် ပျံသန်းလာပြီး ဗင်နီဇွဲလားမြို့တော် လေဆိပ်ရဲ့ ပုဂ္ဂလိက ရပ်နားဧရိယာထဲမှာ ရပ်ထားတာကို လေကြောင်းလိုင်း ခြေရာခံ သတင်းအချက်အလက်တွေနဲ့ ရိုက်တာသတင်းဌာနက သတင်းဓာတ်ပုံတွေအရ သိရပါတယ်။ 

ဒါဟာ ဒီလမ်းကြောင်းကနေ ပထမဆုံး လာခဲ့တာလို့လည်း သတင်းအချက်အလက်တွေက ပြထားပါတယ်။ 

ဘာကြောင့် ဂျက်လေယာဉ်က ကာရာကက်စ်မြို့တော်ဆီ လာတာလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ တောင်းဆိုချက်ကို ဗင်နီဇွဲလား အစိုးရကရော နော့ဒ်ဝင်း လေကြောင်းလိုင်းကပါ ချက်ချင်း မဖြေသေးပါဘူး။ 

ဒီလေယာဉ်ပေါ်မှာ ဝန်ထမ်း ၂ ယောက်သာ ပါပြီး ခရီးသည်မပါဘူးလို့ ရုရှားသတင်းစာ နိုဗာယာ ဂါဇေတာက အစီရင်ခံပါတယ်။ 

အရင်အပတ်က အတိုက်အခံ လူထုဆန္ဒပြပွဲတွေ ရင်ဆိုင်နေရချိန်မှာ မာဒူရိုရဲ့ လုံခြုံရေး အားဖြည့်ဖို့ ရုရှားအတွက် လျှို့ဝှက်စစ်ဆင်ရေး လှုပ်ရှားနေတဲ့ ပုဂ္ဂလိက စစ်ဘက်ကန်ထရိုက်တာတွေ ဗင်နီဇွဲလားနိုင်ငံကို ရောက်လာတယ်လို့ သူတို့နဲ့ နီးစပ်သူတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 

မာဒူရိုကတော့ သူဟာ အမေရိကန် ကျောထောက်နောက်ခံ ပေးထားပြီး အတိုက်အခံ ခေါင်းဆောင် ဟွမ်မိုင်ဒို ဦးဆောင်တဲ့ အာဏာသိမ်းဖို့ ကြိုးစားမှုကို ရင်ဆိုင်နေရတယ်လို့ မာဒူရိုက ပြောပါတယ်။ 

အတိုက်အခံခေါင်းဆောင်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ဟွမ်မိုင်ဒိုဟာ သူ့ကိုယ်သူ ကြားဖြတ်သမ္မတအဖြစ် အရင်အပတ်က ကြေညာခဲ့ပြီး ကနေဒါ၊ အမေရိကန်နဲ့ လက်တင်အမေရိကန် နိုင်ငံအများစု၊ အစ္စရေးအစိုးရတို့က သူ့ကို အသိအမှတ် ပြုခဲ့ကြပါတယ်။

DVB

0 comments:

Post a Comment