Monday, January 28, 2019

လျှပ်စစ်မီတာခကိစ္စ ဆွေးနွေးအဖြေရှာနေတယ်လို့ ၀န်ကြီး ဦးသောင်းထွန်းပြော


လျှပ်စစ်ဓာတ်အား သုံးစွဲမှုအတွက် အစိုးရက ငွေကြေးအမြောက်အမြား စိုက်ထုတ်သုံးစွဲနေရတာကြောင့် လက်ရှိ တစ်ယူနစ်ကို ၃၅ ကျပ်နှုန်းပေးနေရတာနဲ့ ပတ်သက်လို့ ဆွေးနွေးအဖြေရှာနေပြီး လူတိုင်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ပြီး အခြေခံလူတန်းစားတွေလည်း မထိခိုက်ရအောင် ဆောင်ရွက်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောပါတယ်။ 
နေပြည်တော် MICC-2 မှာ ဒုတိယမြောက်နေ့အဖြစ် ဒီနေ့ ကျင်းပတဲ့ Invest Myanmar Summit 2019 ဆွေးနွေးပွဲ အခမ်းအနားမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။ 

တက်ရောက်လာသူတစ်ဦးက လျှပ်စစ်ဓာတ်အား ပြည့်စုံလုံလောက်အောင် အသုံးပြုနိုင်ဖို့ ဘယ်လို ဆောင်ရွက်နေသလဲ ဆိုတာနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာဟာ လျှပ်စစ်ဓာတ်အား သုံးစွဲခအတွက် ကောက်ခံမှုက နည်းပြီး အစိုးရက စိုက်ထုတ်နေရတာကြောင့် အဲဒီငွေတွေကို တခြား ရင်းနှီးမြှုပ်နှံမူတွေမှာ သုံးရင် ပိုပြီး အကျိုးရှိနိုင်မလားလို့ မေးမြန်းရာမှာ ၀န်ကြီးက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ 

တစ်ဆက်တည်းမှာပဲ လုပ်ငန်းရှင်တွေလည်း လျှပ်စစ်ကို ပိုမိုအသုံးပြုနိုင်ပြီး မျှတတဲ့ ဈေးနှုန်းဖြစ်အောင် ဆောင်ရွက်ဖို့ရှိပါတယ်လို့ ၀န်ကြီးက ပြောခဲ့ပါတယ်။ 

လျှပ်စစ်ဓာတ်အားရရှိဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေသလို ရခိုင်ကမ်းလွန်ဒေသက သဘာဝဓာတ်ငွေ့ကို လျှပ်စစ်ဓာတ်အား ထုတ်ယူနေပြီး နောက် ၄ နှစ်လောက် အချိန်ကြာမှာဖြစ်တယ်လို့ ပြောပါတယ်။ 

ပြည်သူတွေအနေနဲ့ မိုဘိုင်းတယ်လီဖုန်းတွေ အသုံးပြုရာမှာ ကိုယ်သုံးစွဲသလောက် ကျသင့်တာကို ပေးရသလို လျှပ်စစ်ဓာတ်အားခနဲ့ ပတ်သက်ရင်လည်း သုံးရင်သုံးသလောက် ပေးရမယ်ဆိုတာ သိပြီးဖြစ်မယ်လို့ မျှော်လင့်ပါကြောင်းလည်း ၀န်ကြီး ဦးသောင်းထွန်းက ပြောပါတယ်။

RFA 

0 comments:

Post a Comment