Thursday, January 31, 2019

အမေရိကန်နှင့်တရုတ် ကုန်သွယ်ရေးစစ်ပွဲအရေး ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပ


အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် လက်ရှိဖြစ်ပွားနေသော ကုန်သွယ်ရေး အငြင်းပွားမှုကို လျော့ကျစေရန် ကြိုးစားသည့်အနေနှင့် ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်လှည့်လာကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။ 
နှစ်နိုင်ငံစလုံးမှ အဆင့်မြင့် ကုန်သွယ်ရေး ကိုယ်စားလှယ်များသည် အင်္ဂါနေ့က ဝါရှင်တန်တွင် ဆွေးနွေးပွဲများကို စတင်ခဲ့ကြသည်။ 

ဒီဇင်ဘာလက ဗျူနိုအေရီတွင် ကြေညာခဲ့သော ကုန်သွယ်ရေးစစ်ပွဲ ရက်ကိုးဆယ် ပြေငြိမ်းမှုသည် နောက်တစ်လအကြာတွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ အကယ်၍ မတ်လအတွင်း သဘောတူညီမှုမရပါက တရုတ်ကုန်စည် ဒေါ်လာဘီလီယံ ၂၀၀ ဖိုးအပေါ် အမေရိကန် အခွန်ချမှတ်မှုသည် နှစ်ဆတိုးသွားမည်ဖြစ်သည်။ 

ယခုဆွေးနွေးပွဲသည် တရုတ်တယ်လီ ကွမ်းကုမ္ပဏီ Huawei အပေါ် အမေရိကန် တရားရေးဌာနက တရားစွဲထားသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ ၎င်းတရားစွဲမှုကြောင့် တရုတ်တို့ဘက်မှ အမျက်ထွက်ကာ ညိနှိုင်းရေးလုပ်ငန်းစဉ်ကိုပါ ခြိမ်းခြောက်မှုများ ဖြစ်ပေါ်နေသည်။ 

တနင်္လာနေ့တွင် အမေရိကန် တရားရေးဌာနက Huawei အပေါ် စွဲချက်နှစ်ခုတင်ခြင်းကို ကြေညာလိုက်ပြီး Huawei သည် ကုန်သွယ်မှု လျှို့ဝှက်ချက်များ ခိုးယူမှု၊ လှည့်စားမှု၊ တရားမျှတမှုကို ပိတ်ဆို့မှုတို့ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲလိုက်သည်။ 

ထို့ပြင် ကနေဒါတွင် ထိန်းသိမ်းခံနေရသော Huawei ဘဏ္ဍာရေး အရာရှိချုပ် မင်ဝမ်ရှုကိုလည်း အီရန် အရေးယူပိတ်ဆို့ခြင်းဆိုင်ရာ စည်းကမ်းများ ချိုးဖောက်မှုဖြင့် အရေးယူနိုင်ရန် လွှဲပြောင်းပေးဖို့ တောင်းဆိုထားသည်။ 

သို့ရာတွင် ထိုကိစ္စများသည် ကုန်သွယ်ရေးညှိနှိုင်းမှုများအပေါ် အနှောင့်အယှက်မရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး စတီဖင်မန်ချင်က ပြောကြားသည်။ “အဲဒီ ကိစ္စတွေက သီးခြားစီပါ”ဟု ၎င်းက ဆိုသည်။ 

ဆွေးနွေးပွဲများသို့ အမေရိကန် ဘဏ္ဍာရေးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနှင့် တရုတ်ဒုတိယဝန်ကြီးချုပ် လူဟီတို့ ဦးဆောင်တက်ရောက်ခဲ့ကြပြီး အိမ်ဖြူတော် စီးပွားရေးအကြံပေး လာရီကုဒ်လိုနှင့် စတီဖင်မန်ချင်တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။ 

နှစ်နိုင်ငံ ကုန်သွယ်မှုတွင် တရုတ်တို့က မမျှတသည့် လုပ်ထုံးလုပ်နည်းများ ကျင့်သုံးနေသည့်အပြင် အမေရိကန်အသိပညာ မူပိုင်ခွင့်များကိုလည်း ခိုးယူနေသည်ဟု အမေရိကန်ဘက်မှ စွပ်စွဲထားသည်။ 

သမ္မတထရမ့်က တရုတ်စီးပွားရေး ကောင်းမွန်နေခြင်းကို သဘောကျသော်လည်း အမေရိကန်စီးပွားရေးနှင့် နည်းပညာများကို ချနင်း၍ တက်နေခြင်းကိုမူ ခွင့်မပြုနိုင်တော့ဟု ပြောကြားထားသည်။ 

အမေရိကန် ဖက်ဒရယ်ဘဏ် ဥက္ကဋ္ဌ ဂျရိုမီပါဝဲလ်က တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး စေ့စပ်မှုများ အချိန်ကြာနေခြင်းသည် စီးပွားရေး ယုံကြည်စိတ်ချရမှုကို ထိခိုက်စေခြင်းအားဖြင့် အမေရိကန်စီးပွားရေးကို နစ်နာစေလိမ့်မည်ဟု ဗုဒ္ဓဟူးနေ့က သတင်းထောက်များအား ပြောကြားခဲ့သည်။ 

“မသေချာမှုဆိုတာ စီးပွားရေးရဲ့ ရန်သူပဲ”ဟု ပါဝဲလ်က ပြောကြားသည်။ 

The Voice

0 comments:

Post a Comment