Wednesday, January 30, 2019

မန္တလေးမြို့ စည်ပင်သာယာရုံး အနောက်ဘက်ရှိ အများသုံးအိမ်သာ ASEAN Public Toilet Awards 2019-2021 ဆုရရှိ


အမည်မဖော်လိုသူ အလှုရှင်တစ်ဦးက လှူဒါန်းထားသည့် မန္တလေးမြို့ စည်ပင်သာယာရုံး အနောက်ဘက်ရှိ အများသုံးအိမ်သာသည် ASEAN Public Toilet Awards 2019-2021 ဆုရရှိခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ 
မန်းစည်ပင်အနေဖြင့် အများသုံး အိမ်သာများကို လူစည်ကားသော နေရာများဖြစ်သည့် စွယ်တော်ကားကွင်း၊ ကမ်းနားလမ်း မြို့တော်ဥယျာဉ်၊ မဟာအောင်မြေကျောက်ဝိုင်း စသောနေရာများတွင် ဆက်လက်ဆောက်လုပ် ပေးသွားမည်ဖြစ်ပြီး ပြည်ကြီးမင်္ဂလာ ကုန်တင်ကားကွင်းနှင့် လူမှုဖူလုံရေး ဆေးရုံအနီးတွင် အများသုံး အိမ်သာများ ဆောက်လုပ်ထားပြီးဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။ 

“ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ကိုက မြို့တော်အတွက် စည်ပင်ပါ။ စမတ်စီးတီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ မြို့တော်အတွက် ဘာတွေ ဖြည့်ဆည်းပေးရမလဲဆိုတာ ကျွန်တော်တို့ အမြဲတမ်း ကြံဆနေပါတယ်။ အများပြည်သူရဲ့ လိုအပ်ချက်တွေကိုလည်း ကျွန်တော်တို့ အပြင်မှာလည်း နားစွင့်တယ်။ ကျွန်တော့် ဖေ့ဘွတ်မှာလည်း ဘယ်နားလေး ဘာလုပ်ပေးပါ။ ဘယ်နားတော့ ဘာလိုအပ်နေပါတယ်လို့ ပြောကြတာတွေ ရှိပါတယ်။ ပြည်သူတွေ တောင်းဆိုတဲ့ ကိစ္စတွေကို အချိန်နဲ့တစ်ပြေးညီ သက်ဆိုင်ရာ ဌာနမှူးတွေနဲ့ ချိတ်ဆက်ဖြေရှင်းပြီး လုပ်ဆောင်ပေးနေပါတယ်၊ တချို့ကိစ္စတွေကတော့ ကျွန်တော်တို့အနေနဲ့ ဘတ်ဂျက်အရ တန်းလုပ်လို့ မရတာလေးတွေလည်း ရှိပါတယ်။ အဲဒါလေးတွေကိုတော့ နည်းနည်းသည်းခံပေးစေ လိုပါတယ်” ဟု မန္တလေးမြို့တော်ဝန်က ပြောကြားသည်။ 

အာဆီယံနိုင်ငံများကြား အများသုံးအိမ်သာများ ပိုမိုကောင်းမွန်လာစေရေး၊ ဒေသတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးဟူသော ရည်ရွယ်ချက်များဖြင့် အာဆီယံ ခရီးသွားဖိုရမ်က ဦးဆောင် ရွေးချယ်သည့် အာဆီယံနိုင်ငံများ၏ အကောင်းဆုံးဖြစ်သော အများသုံးအိမ်သာများ ရွေးချယ်ရာတွင် မန္တလေးမြို့၊ စစ်ကိုင်းနှင့် နေပြည်တော်ရှိ အများသုံးအိမ်သာများအား အာဆီယံ အများသုံး အိမ်သာများအနက် အကောင်းဆုံးထဲက တစ်ခုအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။ 


Eleven Media Group


0 comments:

Post a Comment