Thursday, January 31, 2019

ကျွန်းလှတွင် ကျောင်းအုပ်ဆရာမကြီး ကျောင်းမလာ၍ အစိုးရထံတိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ရေရှင်ကျေးရွာအုပ်စု၊ ဟဲကင်းရွာရှိ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူမှာ တစ်နှစ်ပတ်လုံး ကျောင်းသို့လာရောက်ခြင်းမရှိသည့်အတွက်ဟုဆိုကာ ဇန်နဝါရီလ ၃၀ ရက်နေ့က ဝန်ကြီးချုပ်ထံ တိုင်ကြားထားကြောင်း ယင်းကျေးရွာဒေသခံများထံမှ သိရသည်။ 
ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ခိုင်သဇင်ထွန်းမှာ အဆိုပါကျောင်းတွင် လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုစာသင်နှစ် ၂၀၁၈-၁၉တွင် ဇွန်လ ၁ ရက်မှစကာ သားဖွားခွင့်ယူခြင်း၊ ဆေးခွင့်ယူခြင်း၊ လစာမဲ့ခွင့်ယူခြင်းများဖြင့် ကျောင်းသို့မလာသဖြင့် မြို့နယ်ပညာရေးမှူးထံ တိုင်ကြား ခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိသဖြင့် တိုင်းအစိုးရလူမှုရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်ထံ ဆက်လက် တိုင်ကြားထားခြင်းဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင် ဦးညွန့်ဆွေက ပြောကြားသည်။ 

ဆရာမကြီးအနေဖြင့် ရွာသို့မလာသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ပြီး ယခုပညာသင်နှစ်တွင်လည်း မတွေ့ရကြောင်း၊ ကျောင်း၌ စာသင်ကြားရေးအတွက် ကျောင်းအုပ်ဆရာမကြီးက အခြားဆရာမနှစ်ဦးကို နှစ်လကြာ ငှားရမ်းပို့ထားပေးခဲ့ရာ ဇန်နဝါရီလ ၁၅ ရက်တွင် အဆိုပါဆရာမနှစ်ဦး ခန့်ထားမှုမှာ ပြီးဆုံးခဲ့ကြောင်း အဆိုပါကျောင်းမှ ကျောင်းဆရာတစ်ဦးက ရှင်းပြပြောဆိုသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ခိုင်သဇင်ထွန်းထံသို့ ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် ကိုယ်ဝန်ဆောင်စဉ် ဆိုင်ကယ်တိမ်းမှောက်ခဲ့သည့်အတွက် ဆေးခွင့်ယူခဲ့ရပြီး ကလေးမီးဖွားခွင့်ကို ခြောက်လခွင့်ယူခဲ့ကြောင်း၊ ထို့ပြင် ကလေးကျန်းမာရေးကြောင့်လည်း လစာမဲ့ခွင့်တစ်လထပ်ယူခဲ့ရပြီး လာမည့်ဖေဖော်ဝါရီလ၌ ကျောင်းပြန်တက်မည်ဖြစ်ကြောင်း ပြောကြားသည်။ 

“ဟဲကင်းက ကျွန်းလှနဲ့ဆိုမိုင် ၇၀ လောက်ဝေးပြီး ကားလမ်းမပေါက်ဘူး။ မိုးရာသီဆိုရင် ဆိုင်ကယ်နဲ့ပဲသွားရတယ်။ လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတယ်။ ကလေးကလည်း မွေးစလေးအရမ်းငယ်သေးတဲ့အတွက် သွားလို့လာလို့အဆင်မပြေတော့လို့ ကျွန်မ မသွားတာပါ။ ကလေးနဲ့ဆိုတော့ အဲဒီကိုထပ်ပြီးမကျချင်တော့ဘူး။ ရုံးမှာလည်း ကျွန်မ အပြောင်းအရွှေ့ တင်ထားပြီးပြီ”ဟု ၎င်းကပြောဆိုသည်။ 

ကျောင်းအုပ်ဆရာမကြီးမှာ ဇွန်လ ၁ ရက်နေ့မှစတင်၍ သားဖွားခွင့်ယူထားပြီး လစာမဲ့ခွင့်များလည်းယူခဲ့သဖြင့် ကျောင်းမတက်နိုင်ခြင်းဖြစ်ကာ ခွင့်ရရန် ခရိုင်ပညာရေးမှူးရုံးထံတင်ပြရသဖြင့် အချိန်ကြာခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ဘက်လိုက်ခြင်းမရှိခဲ့သည့်အပြင် ယင်းကျောင်းတွင် အစိုးရခန့် ဆရာ ၆ ဦးရှိပြီး တန်းပြဆင်းသည့်ဆရာများ ဝင်သင်ပေးခြင်းရှိ၍ သင်ကြားရေးကိုမထိခိုက်ကြောင်း၊ လာမည့်ဧပြီနှင့် မေလအတွင်း၌လည်း ကျောင်းအုပ်ဆရာမကြီးကို အစားထိုးခန့်ရန်စီစဉ်ထားကြောင်း ကျွန်းလှမြို့နယ် ပညာရေးမှူး ဦးအောင်ရီက ပြောကြားသည်။

The Voice

0 comments:

Post a Comment