Wednesday, January 30, 2019

ငွေကြေးစနစ်တွင် ဒေါ်လာအပြင် ဂျပန်ယန်းနှင့် တရုတ်ယွမ်ပါ အသုံးပြုနိုင်ရန် ဗဟိုဘဏ် စတင်ခွင့်ပြု

ငွေကြေးသုံးစွဲမှုစနစ်တွင် အမေရိကန် ဒေါ်လာတစ်ခုတည်းအပေါ် မှီခိုနေရခြင်းကို လျှော့ချရန် ဂျပန်ယန်းနှင့် တရုတ်ယွမ်ငွေများ အသုံးပြု၍ ဘဏ်များအကြား နိုင်ငံတကာငွေပေးချေခြင်း၊ စာရင်းရှင်းလင်းမှုများ ဆောင်ရွက်ခွင့်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ 
အဆိုပါ ငွေကြေးနှစ်မျိုးကို လတ်တလောတွင် ဘဏ်များအချင်းချင်းသုံးစွဲ သည့်ငွေစာရင်းများတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့ အစည်းများက အသုံးပြုနိုင်မည်မဟုတ်ပေ။ လက်ရှိငွေကြေးဈေးကွက်တွင် ဒေါ်လာကိုသာ အဓိကသုံးစွဲနေသောကြောင့်ငွေကြေးအတက်အကျဖြစ်ပါက ပြည်တွင်းစီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်သည့်အတွက် အခြားငွေကြေးများကိုပါ သုံးစွဲခြင်းသည် ယင်းအခက်အခဲများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ဦးရဲမင်းဦးက ပြောကြားသည်။ 

အမေရိကန်ဒေါ်လာအပြင် အခြားငွေကြေးနှစ်ခုကို စတင်သုံးစွဲခွင့်ပေးလိုက်ခြင်းသည် ပထမခြေလှမ်းဖြစ်ပြီး နောက်ပိုင်းတွင် ကုန်သွယ်မှုလုပ်ငန်းများတွင်ပါ သုံးစွဲနိုင်မည့် အလားအလာတွင်ရှိကြောင်း ၎င်းက ပြောဆိုသည်။ 

“ကုန်သွယ်မှုအပိုင်းကတော့ ဗဟိုဘဏ်က ဝင်လုပ်လို့မရဘူး။ စီးပွားကူးသန်းတို့က ခွင့်ပြုမှရမယ်။ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေမှာ ဘယ်ငွေကြေးကိုလည်း ခွင့်ပြုပါတယ်ဆိုတာမျိုး ဖြစ်မှရမယ်”ဟု ၎င်းက ဆိုသည်။ 

လတ်တလောတွင် ဘဏ်ပိုင်းဆိုင်ရာများကို စတင်ပြင်ဆင်စေခြင်းဖြစ်ပြီးနောက်ပိုင်းတွင် နယ်စပ်ကုန်သွယ်ရေး၏ ငွေပေးချေခြင်းများကိုလည်း ဆောင်ရွက်နိုင်ရန် ကြိုးစားနေကြောင်း ဗဟိုဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။ 

“တရုတ်ဘက်က ဗဟိုဘဏ်နဲ့လည်း ဆွေးနွေးနေတာ တော်တော်နီးစပ်နေပါ ပြီ။ နောက်ပိုင်း တဖြည်းဖြည်းဖြစ်လာပါ လိမ့်မယ်။ လောလောဆယ်တော့ ဘဏ်တွေကပဲ အရင်စတာ ပိုကောင်းပါတယ်”ဟု ၎င်းက ဆိုသည်။ 

ဗဟိုဘဏ်က ဂျပန်ယန်းနှင့် တရုတ်ယွမ်ငွေများကို ငွေကြေးစနစ်တွင် စတင်သုံးစွဲခွင့်ပြုခြင်းကြောင့် ယခင်ကထက် မျှော်လင့်ချက်များ ရှိလာပြီဖြစ်ကြောင်း မူဆယ်ဒေသခံကုန်သည် ဦးလှမောင်ကပြောကြားသည်။ 

တရုတ်ဘဏ်တွင် ယွမ်အကောင့်များဖွင့်ကာ ကုန်သွယ်မှု ပြုလုပ်ရာတွင် တရုတ်အစိုးရက မသင်္ကာမှုဖြင့် မကြာခဏ အကောင့်များပိတ်နေခြင်းကြောင့် မြန်မာဘဏ်များတွင် ယွမ်အကောင့်ဖွင့်ကာ ကုန်သွယ်မှုရလိုကြောင်း ၎င်းက ဆိုသည်။

The Voice

0 comments:

Post a Comment