Thursday, January 31, 2019

ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ပရာယွတ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် စစ်တပ်နီးစပ်သည့်ပါတီ ဖော်ပြ


ထိုင်းနိုင်ငံရေးပါတီများအနက် စစ်တပ်နှင့်နီးစပ်သည့် နိုင်ငံရေးပါတီ Palang Pracharath ပါတီက ၎င်းတို့၏ ဝန်ကြီးချုပ်လောင်း သုံးဦးစာရင်းတွင် လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ်၏အမည်ကို ထည့်သွင်းလိုက်ကြောင်း ထိုင်းပြည်တွင်း သတင်းစာများက ဖော်ပြထားသည်။ 
ပါတီတစ်ခုခုကို ကိုယ်စားပြုလျက် ဝန်ကြီးချုပ်အဖြစ် ပြန်လာလေမည်လော ဆိုသည့်မေးခွန်းကို ဖြေကြားစဉ် ပရာယွတ် ချန်အိုချာက လက်ရှိအချိန်တွင် ရာထူးက နုတ်ထွက်ရန် အစီအစဉ် မရှိသေးကြောင်း ပြောကြားခဲ့သည်။ 

စစ်တပ်ကို ထောက်ခံသောပါတီက စစ်ခေါင်းဆောင်ဟောင်း၏ အမည်ကို ဝန်ကြီးချုပ်လောင်းစာရင်းတွင် ထည့်လာခဲ့သော်လည်း လက်ရှိဝန်ကြီးချုပ် ပရာယွတ်က ၎င်းကို မည်သည့်ပါတီကမှ တရားဝင် ဆက်သွယ်လာခြင်း မရှိသေးဟု ဆိုထားသည်။ 

“ကျွန်တော်က ကမ်းလှမ်းလာတာတွေကို စောင့်ဆိုင်းနေပါတယ်။ သူတို့ရဲ့ ပေါ်လစီမူဝါဒတွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေကို လေ့လာဖို့ အချိန်လိုပါတယ်။ သူတို့နဲ့ ပူးပေါင်းဖို့အတွက်က သူတို့ရဲ့ မူဝါဒတွေကို ကြည့်ဖို့ လိုပါသေးတယ်”ဟု ပရာယွတ်က ပြောကြားသည်။ 

ရွေးကောက်ပွဲကော်မရှင်က ပါတီများအနေနှင့် ဝန်ကြီးချုပ်လောင်းစာရင်း နောက်ဆုံးတောင်းထားသည့် ဖေဖော်ဝါရီ လ ၈ ရက်နေ့ မတိုင်ခင်အထိ အချိန်ယူ ဆုံးဖြတ်မည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။ 

ရွေးကောက်ပွဲကာလအတွင်း လက်ရှိ ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်မည်မဟုတ်ကြောင်းလည်း ပရာယွတ်က ပြောကြားခဲ့သည်။ 

“ကျွန်တော့်ကို ဖိအားလာမပေးပါနဲ့။ ကျွန်တော်နုတ်ထွက်သွားရင် ဘယ်သူက လုပ်မှာလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဆက်ရှိနေမှာပါ။ မဖြစ်မနေ ထွက်ပေးရမယ်လို့ ဥပဒေမှာ မပြောထားပါဘူး။ အစိုးရသစ် တက်မလာမချင်း ကျွန်တော် တာဝန်ယူနိုင်သေးပါတယ်”ဟု ၎င်းက ဆိုသည်။ 

ရွေးကောက်ပွဲနီးကပ်လာခြင်းနှင့် ပရာယွတ်အနေနှင့် ရွေးကောက်ပွဲအပြီး အာဏာဆက်လက် ရနိုင်ခြေရှိခြင်းတို့ကြောင့် မျှတသည့် ရွေးကောက်ပွဲဖြစ်ရန်အတွက် ဝန်ကြီးချုပ် နုတ်ထွက်ပါရန် ဝေဖန်သူများက ပြောဆိုနေကြသည်။ 

ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီး အစိုးရသစ် မတက်ခင် စပ်ကြား ပရာယွတ်က အာဏာဆက်ယူထားလျှင် အာဏာသိမ်းပြီးတက်လာသော အစိုးရအနေနှင့် ရွေးကောက်ပွဲနှင့် ရလဒ်များကို လိုသလိုလုပ်နိုင်ကြောင်း ဝေဖန်သူများက သတိပေးကြသည်။

နှစ်သစ်ကူးလက်ဆောင်အဖြစ် လက်ရှိအစိုးရက ဝင်ငွေနည်း မိသားစုများကို ငွေသားပေးအပ်ခဲ့ရာ အထက်ပါအတိုင်း စိုးရိမ်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ 

The Voice

0 comments:

Post a Comment