Thursday, January 31, 2019

ရန်ကုန်မြို့တော်ဝန် နုတ်ထွက်ပေးရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ပြည်သူ့အသံ နားထောင်ပါ ဆိုသည့်အချက် အပါအဝင် ၁၄ ချက်အား မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်


ရန်ကုန်မြို့တော်ဝန် နုတ်ထွက်ပေးရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ပြည်သူ့အသံ နားထောင်ပါဆိုသည့်အချက် အပါအဝင် ၁၄ ချက်အား မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးညီညီထွန်း( မိဘမေတ္တာ ပရဟိတကမ်းဆင့်လက်များအသင်း ဥက္ကဋ္ဌ) မှ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီတွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ 
ဆန္ဒထုတ်ဖော်ရာတွင် ရန်ကုန်မြို့တော်ဝန် နုတ်ထွက်ပေးရန် အဓိက ဆန္ဒထုတ်ဖော်ခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ပြည်သူ့ အသံ နားထောင်ပါ၊ ကုန်ဈေးနှုန်း ကျဆင်းအောင် ပထမဦးစားပေး ဆောင်ရွက်ပေးပါ၊ တရားဥပဒေစိုးမိုးရေး အလေးထား ဆောင်ရွက်ပေးပါ၊ ခွင့်ပြုမဲ့ အဆောက်အအုံ ဆောက်လုပ်သူများနှင့် အမြတ်ကြီးစား လူလိမ်ကန်ထရိုက်များကို ထိရောက်စွာ အရေးယူပေးပါ၊ တရားစီရင်ရေးတွင် မှန်မှန်ကန်ကန် မျှမျှတတ ဆောင်ရွက်ပေးပါ၊ ဘက်မလိုက်ပါနှင့်၊ ရဲတပ်ဖွဲ့ဝင်များ ပြည်သူတို့ အမှုဖွင့်တိုင်ကြားပါက ဥပဒေနှင့်အညီ ကြည်ကြည်ဖြူဖြူ ဆောင်ရွက်ပေးပါ၊ အများပြည်သူအကျိုးပြု ဆောင်ရွက်နေသည့် ပရဟိတအသင်းများအား ဌာနဆိုင်ရာများမှ ကူညီစောင့်ရှောက်ပေးပါ၊ ပြည်သူကို ရာထူးအာဏာဖြင့် မခြိမ်းခြောက်ပါနှင့်၊ ပြည်သူ့တာဝန် မကျေပွန်သော ဝန်ထမ်းများအား ဖယ်ရှားပေးပါ၊ အခွန်အခကြောင့် ဆင်းရဲသားပြည်သူများ ဒုက္ခမရောက်စေရန် ကာကွယ်ပေးပါ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများအား ရုံးအင်္ဂါနှင့်အညီ ဆောင်ရွက်ပါ၊ မတရားသော ပုဒ်မများတပ်ပြီး ပြည်သူ့အရေး လှုပ်ရှားသူများအား တရားစွဲ ထောင်ချနေခြင်းကို ရုပ်သိမ်းပေးပါ၊ တရားပွဲများ ကျင်းပရာတွင် မလိုလားအပ်သော အပိတ်အပင် အတားအဆီးများအား ဖယ်ရှားပေးပါ စသည့် အချက် ၁၄ ချက် ပါဝင်သည့် ဗီနိုင်းကိုင်ဆောင် ကြွေးကြော်ကာ အထက်ပုစွန်တောင် ၉ လမ်းမှ ရန်ကုန်မြို့တော်ခန်းမရှေ့သို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ 

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကျွန်တော့်အနေနဲ့ ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာရှိတဲ့ စည်ပင်သာယာရေးဝန်ကြီး။ ကျွန်တော်တို့ ပြည်သူ့အသံ လွှတ်တော်ရဲ့အသံကို နားမထောင်တဲ့ အတွက်ကြောင့် ဂရုမစိုက်တဲ့ အတွက်ကြောင့် မြို့တော်ဝန်ကြီး ရန်ကုန်တိုင်း စည်ပင်သာယာရေးဝန်ကြီး နုတ်ထွက်ပေးဖို့ အဓိကတောင်းဆိုပါတယ်။ ဆန္ဒပြတော့မယ်ဆိုရင် အဖွဲ့အစည်းတစ်ခု အမှားအယွင်းဖြစ်လာရင် အဲဒီအဖွဲ့အစည်းကို သွားတွေ့တယ်။ သူတို့ လက်မခံမှ အကြီးအကဲကို တိုင်တယ်။ အကြီးအကဲကို တိုင်လို့ အရေးမယူတော့မှ လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်တယ်။ နံပါတ်တစ် မြို့တော်စည်ပင်ပဲ ။ပြည်သူတွေအသံ နားမထောင်ဘူး၊ ပြည်သူတွေရဲ့ အခက်အခဲ အကျပ်အတည်းကိုပိုပြီး ကျပ်တည်းအောင် လုပ်တယ်။ နှစ်အချက်က လွှတ်တော် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆိုတာ ပြည်သူ့ကိုယ်စားလှယ်တွေ ပြည်သူတွေ တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေ၊ ကိုယ်စားလှယ်တွေ အကုန်လုံး တည်ရှိထားတဲ့ လွှတ်တော်ကြီးက ပြောတဲ့စကားကို မြို့တော်ဝန်က နားမထောင်ဘူး။ လွှတ်တော်ကနေ ဒီအဆောက်အဦးတွေဟာ လမ်းတွေပေါ် ဆောက်ထားတယ်၊ ခွင့်ပြုချက်မဲ့တယ်၊ ကန်ထရိုက်ကလည်း အတု ဖျက်သိမ်းပါ၊ အရေးယူပါလို့ လွှတ်တော်က အမိန့်ပေးထားတာကို မြို့တော်စည်ပင်မှာရှိတဲ့ အင်ဂျင်နီယာဌာနတို့က ဥပဒေမဲ့ လုပ်တာပေါ့” ဟု မိဘမေတ္တာ ကမ်းဆင့်လက်များ ပရဟိတအသင်း ဥက္ကဌ ဦးညီညီထွန်းက ပြောကြားသည်။ 

ဆန္ဒထုတ်ဖော်မှုအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ ခွင့်ပြုချက်တင်ခဲ့ပြီး ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဦးညီညီထွန်းက ပြောကြားသည်။ 

ဦးညီညီထွန်းမှာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုများကို ၂၀၁၆ ခုနှစ်အတွင်း စတင်ပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများအား တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုမှာ ၂၇ ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

Eleven Media Group


0 comments:

Post a Comment