Wednesday, January 30, 2019

Facebook Live လွှင့်၍ မီဒီယာဥပဒေဖြင့် အမှုဖွင့်ခံရခြင်းသည် တရားရုံးလုပ်ထုံးလုပ်နည်းကို ကျော်လွန်ခြင်းဖြစ်ဟုဆို



ကရင်ပြည်နယ် ဘားအံမြို့ စည်ပင်ကော်မတီ ရွေးချယ်ပွဲအား Facebook တွင် Live လွှင့်ခဲ့သူအား မီဒီယာ ဥပဒေဖြင့် တရားစွဲထားခြင်းသည် တရားရုံးလုပ်ထုံးလုပ်နည်းကို ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရားစွဲခံရသူ၏ ရှေ့နေဖြစ်သူမှ ပြောသည်။ 
သတင်းမီဒီယာဥပဒေ ၂၅ / ခ ဖြင့် ဘားအံမြို့နယ် တရားရုံးတွင် ဇန်နဝါရီ ၂၉ ရက်က ဒုတိယအကြိမ် ရုံထုတ်ရာတွင် တရားခံဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
" ဒီအမှုက သတင်းမီဒီယာ ဥပဒေနဲ့ တရားစွဲတာဖြစ်တယ်။ ဦးကျော်ကြီးဆိုတာ သတင်းမီဒီယာသမား မဟုတ်ဘူး။ သတင်းမီဒီယာ ဥပဒေဆိုတာ သတင်းမီဒီယာ သမားဆိုတာနဲ့ ညီညွတ်မှသာ တရားစွဲဆိုအရေးယူရမယ့် သတင်းမီဒီယာ ဥပဒေကို ပြဌာန်းထားခြင်း ဖြစ်ပါတယ်။ ဒီပုဒ်မ ၂၅ / ခ အရ ဆွဲမယ်ဆိုရင် အဲဒီမှာပါတဲ့ ပုဒ်မခွဲတွေဖြစ်တဲ့ (ဃ) (စ) (ဆ) ဒီအချက်တွေနဲ့ ညီညွတ်မှ တရားစွဲရမှာ ဖြစ်ပါတယ်။ ဒီအမှုတွဲကို လေ့လာချက်အရကတော့ ဦးကျော်ကြီးဟာ ညှိစွန်းခြင်းမရှိပါဘူး။ သတင်းမီဒီယာ ဥပဒေနဲ့ ဆောင်ရွက်မယ်ဆို မီဒီယာကောင်စီက ကော်မတီဖွဲ့စစ်ဆေးပြီးမှ ဆက်လက်တရားစွဲဆိုစေရမှာ ဖြစ်တယ်။ အဲဒီအဆင့်တွေကို မလုပ်ခဲ့ဘဲနဲ့ တရားရုံး ဦးတိုက်လျှောက်တာကို တရားရုံးက လက်ခံဆောက်ရွက်တယ်ဆိုတော့ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်မှားယွင်းလုပ်ဆောင်ထားတာတွေ့ရပါတယ်" ဟု တရားစွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွတ်တော်ရှေ့နေ ဦးဇော်ဝင်းထွန်းက ပြောသည်။ 
လက်ရှိတွင် ဦးကျော်ကြီး (ခ) ဦးကျော်မင်းစိန်အား တရားစွဲဆိုမှုအပေါ် ရန်ကုန်မြို့ အခြေစိုက် ပြည်သူ့ပါတီမှ တာဝန်ရှိသူ ဦးရွှေ အောင်းသင်း၏ ဦးဆောင်ခေါ်ယူမှုဖြင့် တရားလွှတ်တော် ရှေ့နေ (၄) ဦးပါ အဖွဲ့မှ အခမဲ့ရှေနေ့ ရှေ့ရပ်များအဖြစ် လိုက်ပါ ဆောင်ရွက်ရန် ကိုယ်စားလှယ် ပါဝါတင်ထားကြောင်း သိရသည်။ 
ဇန်နဝါရီ ၂၉ ရက် ရုံးချိန်းတွင် နှစ်ဘက်တွေ့ဆုံ ညှိနိုင်းချက်အရ ကျေအေးရန် အစီအစဉ် မဖြစ်နိုင်သေးကြောင်း တရားလို ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်မှ ပြောဆိုသည့်အတွက် တနင်္လာနေတိုင်း ရုံးချိန်းရက်ရယူထားပြီး တရားရုံး ပြဠာန်းချက်များအရ ၆၄ ရက်အတွင်း စစ်ဆေးအမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။ 
ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ်အတွင်း ၂၀၁၈ နိုဝင်ဘာလက ကျင်းပခဲ့သော ဘားအံမြို့ စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းခြင်းဆိုင်ရာ လစ်လပ်လျှက်ရှိသောကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ရာထူးနေရာများအတွက် မြို့ပေါ်ရပ်ကွက် ၉ ခု မှ ကိုယ်စားလှယ်များရွေးချယ်ရာတွင် ဘားအံမြို့ အမှတ် ၂ ရပ်ကွက်နေ မာဃ လူမှုကူညီရေးအသင်း အလုပ်အမှုဆောင် ဦးကျော်ကြီး (ခ) ဦးကျော်မင်းစိန်မှ Facebook တွင် Live လွှင့်ခဲ့သည့်အတွက် ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်မှ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ / ခ ဖြင့် တရားစွဲဆို အမှုဖွင့်ထားခြင်း ဖြစ်သည်။ 


 စောဘောသိုလ်(အကုန်သိသတင်းဌာန)




0 comments:

Post a Comment