Thursday, January 31, 2019

၅ လတာအတွင်း အွန်လိုင်းစနစ်ဖြင့် ကုမ္ပဏီပေါင်း ၁၀၀၀၀ အထိ မှတ်ပုံတင်ခဲ့ကြောင်း MIC အတွင်းရေးမှူးပြော


ကုမ္ပဏီမှတ်ပုံတင်ရာတွင် မှတ်ပုံတင်ရုံးကို သွားရောက်စရာမလိုဘဲ အွန်လိုင်း မှတ်ပုံတင်စနစ်မှတစ်ဆင့် ဆောင်ရွက်ရာတွင် ၅ လတာ ကာလအတွင်း ကုမ္ပဏီပေါင်း ၁၀၀၀၀ အထိ မှတ်ပုံတင်အသစ်ပြုလုပ်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ 
၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှ စ၍ ကုမ္ပဏီများ အွန်လိုင်းမှ မှတ်ပုံတင်ရာတွင် နေ့စဉ်ကုမ္ပဏီပေါင်း (၁၀၀) ခန့် ရှိပြီး ဇန်နဝါရီ လ ၁၈ ရက်အထိ ကုမ္ပဏီပေါင်း (၁၀၀၀၀) အထိ အွန်လိုင်းမှ မှတ်ပုံတင်ပြုလုပ်ထားကြောင်း သိရသည်။ 
“ကုမ္ပဏီ ဥပဒေ အသစ်စပြီး အသက်ဝင်ပြီဆိုတာနဲ့ ကုမ္ပဏီအဟောင်းရော အသစ်ရော မှတ်ပုံတင်ပြန်လုပ်ရတယ်။ ရှိပြီးသား ကုမ္ပဏီတွေအနေနဲ့ MyCo စနစ်မှာ ခြောက်လအတွင်း ပြန်လည် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ကာလအတွင်း မှာ မှတ်ပုံတင်မပြုလုပ်ဘူးဆိုရင်တော့ စာရင်းကနေ ပယ်ဖျက်သွားမှာ ဖြစ်သလို ဒဏ်ကြေးငွေလည်း ကောက်ခံသွားမှာ ဖြစ်ပါ တယ်။ မနေ့ကအထိ စာရင်းကောက်ထားတာ အွန်လိုင်းကနေ မှတ်ပုံတင်ဆောင်ရွက်တာ ၅ လ အတွင်းပေါ့ ၁၀၀၀၀ အထိရှိ လာပြီ”ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ 
အဆိုပါ တိုးတက်လာမှုကို အတုယူ၍ အခြားနယ်ပယ်များတွင်ပါ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်း လည်း ၎င်းကပြောသည်။ 
၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာကုမ္ပဏီများ ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လတွင် စတင်အသက်ဝင်ပြီဖြစ် ကာ ယခင် ဥပဒေအရ နိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုမှာ နိုင်ငံခြားရှယ်ယာ ပါဝင်မှုရှိပါက နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်ခဲ့ ကြောင်း၊ ဥပဒေသစ်တွင် ပြည်ပရှယ်ယာပါဝင်မှု ၃၅ ရာခိုင်နှုန်းအထိကို မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီအဖြစ် သတ်မှတ်ထားသည့် အတွက် နိုင်ငံသားကုမ္ပဏီ၏ အခွင့်အရေးများ ဆုံးရှုံးမှုမရှိတော့ကြောင်း သိရသည်။ 

စုသက်နှင်း (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment