Wednesday, January 30, 2019

တစ်ပတ်ကျော်အတွင်း အခေါက်ရွှေဈေးတစ်ကျပ်သားလျှင် ၇၅၀၀ ကျပ် မြင့်တက်


ပြည်တွင်းရွှေဈေးကွက်၌ တစ်ပတ်ကျော်အတွင်းအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၇၅၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်သွားကြောင်းသိရသည်။ 
ယခုလ ဇန်ဝါရီလ ၂၂ ရက်၌ ၁၆ ပဲရည် အခေါက်ရွှေ (အကယ်ဒမီမီးလင်း) တစ်ကျပ်သားလျှင် ကျပ် ၁၀၅၃၅၀၀ (ဆယ်သိန်းငါးသောင်းသုံးထောင့်ငါးရာကျပ်တိတိ) ဖြစ်ခဲ့ရာမှ ယနေ့ ဇန်နဝါရီလ ၃၀ ရက်တွင် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၀၆၁၀၀၀ (ဆယ်သိန်းခြောက်သောင်းတစ်ထောင်)အထိ ဈေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။ 
“တစ်ခါတစ်လေကျရင် ဒေါ်လာဈေးတက်ပြီးရွှေဈေးကတက်ချင်မှ တက်တယ်။ အရင်ရက်က ဝယ်စုထားတဲ့သူတွေက လာပြန်ရောင်းတယ်။ ပိုက်ဆံကြပ်တဲ့အချိန်ကျရင် ငွေကတက်သင့်သလောက် မတက်ဘဲ ငြိမ်နေတာလည်းရှိတယ်။ ရွှေက တအားနူးညံ့တယ်။ လောလောဆယ်တော့ ကမ္ဘာ့ရွှေဈေး အနေအထားအရ အမေရိကန်ဒေါ်လာပြောင်းလဲနေရင် အဲဒီဈေးအတိုင်း ဒီကလိုက်ပြောင်းလဲနေမယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှစည်းရုံးရေးမှူး ဦးသိန်းဆောင်က အကုန်သိသတင်းဌာနသို့ ပြောသည်။ 
ဇန်နဝါရီလ ၂၂ ရက်တွင် ကမ္ဘာ့ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၈၄ သာရှိခဲ့သော်လည်းဇန္နဝါရီလ ၃၀ ရက်တွင် ၁၃၁၃ အထိ မြင့်တက်ခဲ့ကာ တစ်ပတ်အတွင်းကမ္ဘာ့ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၉ ဒေါ်လာအထိမြင့်တက်ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။ 
ကမ္ဘာ့ရွှေဈေးနှုန်းသည် အမေရိကန်ဒေါ်လာဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြောင်းလဲနေပြီး ပြည်တွင်း ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ပြည်တွင်းဒေါ်လာဈေးအတက်ပေါ်မူတည်၍ပြောင်းလဲနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားထားသည်။ 

သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment